ထိုင်းလူ့အဖွဲ့အစည်းမှာ အသက်အရွယ်ကြီးသူတွေ များလာတာကြောင့် အဓိက အရောင်းသွက်နေတဲ့ လက်လီ အရောင်းဆိုင်တွေက အသက် ၆၀ ကျော် အလုပ်သမားတွေကို ပိုမိုအလုပ်ပေး ခန့်အပ်ဖို့ ညှိနှိုင်းလာကြတယ်လို့ VnExpress သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်မှာ ထိုင်းနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အသက် ၆၀ နဲ့အထက် လူကြီးတွေဖြစ်ပြီး လာမယ့် ဆယ်စု နှစ်မှာ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီအပြောင်းအလဲကြောင့် အဓိက လက်လီအရောင်းဆိုင်ကြီးတွေ ဖြစ်ကြတဲ့ Lotus’s ၊ Makro ၊ Big C Supercenter နဲ့ CJ More တို့မှာ အသက် ၅၅ နှစ်အရွယ်ကစပြီး သက်ကြီးပိုင်းဝန်ထမ်းတွေကို ခန့်အပ်နေတာဖြစ်ပါတယ်။ဒါဟာ သက်ကြီးရွယ်အိုလူဦးရေတိုးပွားလာတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ CSR ရဲ့ ပဏာမ ခြေလှမ်းတစ်ခု ဖြစ်ပြီး လက်လီဆိုင်ကြီးတိုင်းမှာ သက်ကြီးရွယ်အိုတွေရဲ့ လိုအပ်ချက်တွေနဲ့ အရည်အချင်းတွေအလိုက် ညှိနှိုင်း ဆောင်ရွက်ပေးထားတဲ့ အစီအစဉ်တွေလည်း စီစဉ်ပေးထားပါတယ်။

Makro နဲ့ Lotus’s တို့က ၂၀၃၀ ပြည့်နှစ်မှာ သက်ကြီးပိုင်းတွေနဲ့ အားနည်းချက်ရှိသူပေါင်း လေးသိန်းဝန်းကျင် ခန့်အပ်ဖို့ ရည်ရွယ်တဲ့ “ 60 Still Good ” campaign ကို မိတ်ဆက်ခဲ့ပါတယ်။ CJ More ကလည်း အသက် ၅၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေကို “ CJ Senior Plus Cool Age” ပေါ်လစီနဲ့ သင့်တင့်တဲ့ အလုပ်အချိန် ဇယားတွေ၊ လုပ်ခတွေနဲ့ အချိန်ပိုင်းအလုပ်တွေ ခန့်အပ်ပေးမှာဖြစ်ပြီး နောင်ရေးအတွက် စုငွေတွေ၊ နှစ်စဉ် ကျန်းမာရေးစစ်ဆေးပေးတာတွေ၊ အသက်အာမခံတွေ ပါဝင်တဲ့ အကျိုးခံစားခွင့်တွေ ပေးသွားမှာ ဖြစ်ပါတယ်။