ဘန်ကောက်ဆိပ်ကမ်းမှာ ထိုင်းအရာရှိတွေက အမေရိကကနေ တရားမဝင် တင်ပို့လာတဲ့ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း ၂၃၈ တန်ကို ဖမ်းဆီးရရှိခဲ့ပြီး ဒါဟာ အခုနှစ်အတွင်း အများဆုံး ဖမ်းဆီးရမိတဲ့ ပမာဏဖြစ်ကြောင်း ပြောကြားလာတာကို AP news မှာ ဖော်ပြထားပါတယ်။အဲဒီစွန့်ပစ်ပစ္စည်းတွေက ကွန်တိန်နာ ၁၀ စီးနဲ့ရောက်လာတာဖြစ်ပြီး သတ္တုစတွေလို့ ကြေညာထားပေမယ့် ဆားကစ်ဘုတ်တွေ ရောနှောပါနေတာ တွေ့ရတယ်လို့ အကောက်ခွန်ဌာနညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတွေမှာ အဆိပ်အတောက်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် အပေါ် အထူးသဖြင့် ပြန်လည်အသုံးပြုဖို့ တင်သွင်းတဲ့ စက်ရုံတွေအနီးတစ်ဝိုက်အတွက် အန္တရာယ်ရှိတာကြောင့် အရေးယူဆောင်ရွက်ဖို့လိုတယ်လို့လည်း အကောက်ခွန်ဌာနညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ထိုင်းနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကတည်းက အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းမျိုးစုံကို တင်သွင်းခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ဂျပန်နဲ့ တရုတ်ဟောင်ကောင်ကနေ တင်ပို့တဲ့ တရားမဝင် အီလက်ထရောနစ်စွန့်ပစ်ပစ္စည်း ၂၅၆ တန်ကို ဖမ်းဆီးရရှိခဲ့တယ်လို့ တိုင်းအကောက်ခွန်ဌာနက ပြောကြား ခဲ့ပါတယ်။