ထိုင်းနိုင်ငံတွင်းကနေ မူးယစ်ဆေးဝါးခိုးထုတ်ဖို့ကြိုးစားနေတဲ့ပြစ်မှုတွေ မြင့်တက်လာပြီးနောက် ဆေးခြောက်ရောင်းချမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းချုပ်သွားဖို့ ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားချက်ကို AP သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးခဲ့တဲ့အတွက် အာရှမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးခဲ့တဲ့ ပထမဆုံးအာရှနိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းကို မြှင့်တင်ပေးရာရောက်ခဲ့ပြီး ဆိုင်ပေါင်းများစွာလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ စည်းကမ်းထိန်းချုပ်မှုလျော့ရဲမှုကြောင့် ကလေးတွေပါ မူးယစ်ဆေးသုံးစွဲလာတာကြောင့် ပြည်သူလူထုရဲ့ ပြစ်တင်ဝေဖန်မှုကို ရင်ဆိုင်နေရပါတယ်။

လာမယ့်သီတင်းပတ်တွေကနေစပြီး ဆေးခြောက်ရောင်းဝယ်မှုကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းအသစ်တွေ ထုတ်ပြန်သွားမှာဖြစ်ပြီး ဆေးညွှန်းပါတဲ့ ဝယ်ယူသူတွေကိုသာ ရောင်းချပေးဖို့ ညွှန်ကြားသွားမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားပါတယ်။လေဆိပ်အာဏာပိုင်တွေအနေနဲ့လည်း ဆေးခြောက်ခိုးထုတ်မှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖော်ထုတ်နေတယ်လို့သိရပါတယ်။