ဆုန်ကရမ်ပွဲတော်ကာလအတွင်း နိုင်ငံတကာခရီးသွား ၇၀၀၀၀၀ နီးပါး လာရောက်လည်ပတ်နိုင်တယ်လို့ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်က ခန့်မှန်းထားကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။

ခရီးသည်အများအပြား ဝင်ရောက်လာမှုအတွက် ဒွန်မောင်းလေဆိပ်က အသင့်ဖြစ်နေပြီလို့ Airports of Thailand ဥက္ကဋ္ဌက ဧပြီ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒွန်မောင်းလေဆိပ် ဒါရိုက်တာကလည်း ငါးထပ်ကားပါကင် အဆောက်အအုံနဲ့ ခရီးသည် လေဆိပ်အဆောက်အအုံတွေကြားမှာ မော်တော်ယာဉ်တွေ ၂၄ နာရီ ပြေးဆွဲပေးသွား မှာဖြစ်တယ်လို့ ပြောပါတယ်။

ဧပြီလ ၁၁ ရက်ကနေ ၁၇ ရက်အထိ တစ်ရက်ကို ပျမ်းမျှလေယာဉ် ၆၂၇ စင်းနဲ့ စုစုပေါင်းလေယာဉ် ၄၃၉၁ စင်း ပြေးဆွဲသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အားလပ်ရက် ၇ ရက်အတွင်း ဒွန်မောင်းလေဆိပ်ကို ခရီးသည် ၇ သိန်းလောက် လာရောက်ဖို့ရှိပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ဆုန်ကရမ်ပွဲတော်ကထက် ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၈ ရာနှုန်းကျော် ပိုများတယ်လို့ Airports of Thailand ဥက္ကဋ္ဌက ပြောကြားထားပါတယ်။