နှစ်နိုင်ငံအကြားနဲ့ ဒေသတွင်းကုန်သွယ်ရေးမြှင့်တင်ဖို့အတွက် မလေးရှားနိုင်ငံဟာ မြို့တော် ကွာလာ လမ်ပူနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့အကြားမှာ ဒီနှစ်အတွင်း ရထားနဲ့ တိုက်ရိုက်ကုန်စည် ပို့ဆောင်တဲ့ဝန်ဆောင်မှု စတင်ဖို့ စီစဉ်နေကြောင်း မလေးရှားပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့ ကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားတာကို ကိုးကားပြီး CNA သတင်းမှာ ဖော်ပြထားပါတယ်။

ဒီအဆိုပြုချက်ကို အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ်က အတည်ပြုထားပြီးဖြစ်ပါတယ်။ရထားလမ်းဝန်ဆောင်မှု ကို ဒီနှစ်ကုန်ပိုင်းလောက်မှာ စတင်ဖို့ မျှော်လင့် ထားပြီး ကွာလာလမ်ပူ-ဘန်ကောက် တိုက်ရိုက်မီးရထား လမ်းက လာအို၊ တရုတ်နဲ့ ဗဟိုအာရှအပါအဝင် တခြားနိုင်ငံတွေနဲ့ပါ ဆက်သွယ်ရေးတိုးတက်လာစေမယ် လို့လည်း ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။တရုတ်နိုင်ငံဟာ မလေးရှားနဲ့ထိုင်းရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အခွန် ၁၄၅ ရာခိုင်နှုန်း ကောက်ခံမှုနဲ့ကြုံနေရသလို မလေးရှားနဲ့ ထိုင်းကလည်း သွင်းကုန် စည်းကြပ်ခွန် ၂၄ ရာခိုင်နှုန်းနဲ့ ၃၆ ရာခိုင်နှုန်း အသီးသီး ကြုံနေရတာ ဖြစ်ပါတယ်။

မလေးရှားပို့ဆောင်ရေးဝန်ကြီးဟာ ပြီးခဲ့တဲ့အပတ်က ထိုင်းတာဝန်ရှိသူနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုကို အားပေးဖို့ ကွာလာလမ်ပူနဲ့ ဘန်ကောက်အကြား ခရီးသွားတွေ အတွက် တိုက်ရိုက်မီးရထားလမ်းဝန်ဆောင်မှုတွေကို ပြန်အသက်သွင်းဖို့ နှစ်နိုင်ငံလုံးက ရည်ရွယ်ထား တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ရှိပြီးသား မီးရထားလမ်းကို အသုံးပြုသွားမှာဖြစ်ပြီး မလေးရှားနဲ့ထိုင်း မီးရထားကုမ္ပဏီတွေကို ပြင်ဆင်ချိန် သုံးလပေးထားကြောင်း ပြောသွားခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။