ထိုင်းနိုင်ငံ ဖူးခက်မှာ ဩဂုတ် ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးသူ(၁၀)ယောက်ထဲမှာ မြန်မာနိုင်ငံသား ၆ ယောက်ပါဝင်တယ်လို့ The Nations သတင်းစာရဲ့ ရေးသားဖော်ပြချက်အရသိရပါတယ်။
ဖူးခက်ပြည်နယ် ကာရွန်ခရိုင်ထဲက နက်ခ်ကာတ်တောင်မှာဖြစ်ခဲ့တဲ့ အဲဒီမြေပြိုမှုမှာ မြန်မာနိုင်ငံသား(၆)ယောက် ၊ ရုရှားနိုင်ငံသား(၂)ယောက်နဲ့ ထိုင်းနိုင်ငံသားတစ်ယောက်တို့ သေဆုံးသွားခဲ့တာပါ။ သေဆုံးသူတွေထဲက ကျန်တဲ့တစ်ယောက်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ သေဆုံးရုပ်အလောင်းအားလုံးကို ဆယ်ယူရှိထားပြီးဖြစ်ပြီး မြေပြိုမှုဖြစ်တဲ့နေရာက အိမ်ထောင်စုငါးစုက လူ(၂၅၀)ကိုလည်း နေရာရွှေ့ပြောင်းထားပြီးဖြစ်ပါတယ်။

ဖူးခက်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဆက်သာထုန်ခမ်းက အဲဒီမြေပြိုမှုဟာ ညပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးနဲ့ နေရာရွှေ့ပြောင်းပေးရေးကူညီဖို့ အဖွဲ့ပေါင်းစုံပါဝင်တဲ့ ကယ်ဆယ်ရေး အဖွဲ့သားတွေနဲ့ စက်ယန္တရားတွေကို စေလွှတ်ခဲ့တယ်လို့ပြောပါတယ်။
ကာရွန်ခရိုင်ထဲက ရေဘေးသင့်တဲ့နေရာတွေက ရွှံ့နွံတွေဖုံးလွှမ်းသွားတဲ့အိမ်တွေက နေထိုင်သူတွေကိုလည်း လိုအပ်တဲ့ အကူအညီတွေပေးထားပြီး ပျက်စီးသွားတဲ့နေအိမ်တွေ ပြန်လည်ပြုပြင်တည်ဆောက်ရေးနဲ့ ရွှံ့နွံတွေဖယ်ရှားရှင်းလင်းရေးလည်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။