ထိုင်းနိုင်ငံတွင်းကနေ မူးယစ်ဆေးဝါးခိုးထုတ်ဖို့ ကြိုးစားတဲ့ အမှုအခင်းတွေ မြင့်တက်လာပြီးနောက် ဆေးခြောက်ရောင်းချမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းချုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးခဲ့တဲ့ ပထမဆုံးအာရှနိုင်ငံ ဖြစ်လာခဲ့ပြီး ဒါဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းကို မြှင့်တင်ပေးရာရောက်ခဲ့ပြီး ထိုင်းရဲ့ စီးပွားရေးအပေါ်လည်း ကောင်းမွန်တဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ဒါပေမဲ့ စည်းကမ်းထိန်းချုပ်မှု လျော့ရဲတာကြောင့် ကလေးတွေပါ မူးယစ်ဆေးသုံးစွဲလာမှုတွေ ရှိနေတာကြောင့် ပြည်သူလူထုရဲ့ ပြစ်တင်ဝေဖန်မှုကို ရင်ဆိုင်နေရပါတယ်။

လာမယ့်သီတင်းပတ်တွေကနေစပြီး ဆေးခြောက်ရောင်းဝယ်မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းအသစ်တွေ ထုတ်ပြန်သွားမှာဖြစ်ပြီး ဆိုင်တွေကိုလည်း ဆေးခြောက်ရောင်းဝယ်ရာမှာ လိုက်နာရမယ့်အချက်တွေ ညွှန်ကြားသွားမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။လေဆိပ်အာဏာပိုင်တွေအနေနဲ့လည်း ဆေးခြောက်ခိုးထုတ်မှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။