အမေရိကန်ပြည်ထောင်စုဟာ အစ္စရေးကို အဆင့်မြင့်THAADဒုံးကျည်ကာကွယ်ရေးစနစ် ပေးပို့သွားမှာဖြစ်ပြီး အဲဒီစနစ်ကို ကိုင်တွယ်ပစ်ခတ်ဖို့အတွက် တပ်ဖွဲ့ဝင်(၁၀၀)ကိုစေလွှတ်သွားမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တနင်္ဂနွေနေ့မှာပြောလိုက်ပါတယ်။
ဒါဟာ အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို ကြုံတွေ့ရပြီးနောက် အစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အားဖြည့်မြှင့်တင်ပေးဖို့ အမေရိကန်ဘက်က ဆောင်ရွက်လာတာပါ။

ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ပတ်ရိုက်ဒါက အဲဒီ (THAAD)ဒုံးကျည် ကာကွယ်ရေးစနစ်ပေးပို့မှုဟာ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုမြှင့်တင်ပေးဖို့နဲ့ အမေရိကန်နိုင်ငံသားတွေကို အီရန်နဲ့သူ့ရဲ့ကျောထောက်နောက်ခံပေးမှုရရှိထားတဲ့စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးဖို့အတွက် လွန်ခဲ့တဲ့လတွေကစပြီး အမေရိကန်စစ်တပ်ရဲ့ ပြင်ဆင်ညှိုနှိုင်းဆောင်ရွက်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီက အမေရိကန်နိုင်ငံဟာ အစ္စရေးကိုပေးပို့မယ့် ဒုံးကျည်စနစ်တွေကို ကိုင်တွယ်ဖို့တပ်ဖွဲ့ဝင်တွေစေလွှတ်ပြီး တပ်ဖွဲ့ဝင်တွေကို အသက်အန္တရာယ်ကြုံတွေ့ရအောင် လုပ်နေတယ်လို့သတိပေးခဲ့ပါတယ်။