Telegram app တည်ထောင်သူနဲ့ စီအီးအို ဘီလျံနာ ပါဗယ်ဒူရော့ဗ် စနေနေ့ညနေပိုင်းက ပဲရစ်မြို့အပြင်ဘက် ဘော့ဂျက်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံသတင်းတွေအရ သိရပါတယ်။
ကိုယ်ပိုင်ဂျက်လေယာဉ်နဲ ခရီးသွားနေတဲ့ ဒူရော့ဗ်ဟာ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်မှာ သူ့ကို ဖမ်းဝရမ်းထုတ်ဖို့ ပစ်မှတ်ထားခံရတယ်လို့ TF1 သတင်းဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုဟာ Telegram မှာ ထိန်းညှိပေးသူ မရှိခြင်းအပေါ် အာရုံစိုက်ထားပြီး ဒီအခြေအနေက ရာဇဝတ်မှု ကျူးလွန်မှုတွေကို မက်ဆေ့ချ်အက်ပ်မှာ ဟန့်တားခြင်းမပြုဖို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားကြောင်း သတင်းထွက်နေပါတယ်။
ရုရှားနွယ်ဖွား ဒူရော့ဗ်ဟာ အဇာဘိုင်ဂျန်ကနေလာတုန်း အဖမ်းခံလိုက်ရတာပါ။

သူအရင်တည်ထောင်ခဲ့တဲ့ VK ဆိုရှယ်မီဒီယာပေါ်မှာ ရုရှားအတိုက်အခံအသိုင်းအဝိုင်းတွေကို ပိတ်ပစ်ဖို့ တောင်းဆိုချက်တွေကို လိုက်နာဖို့ ငြင်းဆန်ပြီးနောက် ၂၀၁၄ မှာ ရုရှားက ထွက်ခွာခဲ့ပါတယ်။ အဲဒီနောက် ဒူဘိုင်းအခြေစိုက် Telegram ကို ထူထောင်ခဲ့ပါတယ်။
Forbes မဂ္ဂဇင်းအဆိုအရ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁၅ ဘီလီယံခွဲ ရှိမယ်လို့ ခန့်မှန်းထားတဲ့ ဒူရော့ဗ်က တချို့အစိုးရတွေဟာ သူ့ကိုဖိအားပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အခုအခါ အသုံးပြုသူ သန်း ၉၀၀ ရှိတဲ့ Telegram app ဟာ ကြားနေပလက်ဖောင်းဖြစ်သင့်ပြီး ပထဝီဝင်နိုင်ငံရေး ကစားသူတစ်ယောက် မဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။