Telegram အက်ပလီကေးရှင်းကို တည်ထောင်သူ ပါဗယ် ဒူရော့ဗ်ကို တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်မရှိကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက ပြောဆိုလိုက်ပါတယ်။
အဇာဘိုင်ဂျန်ကနေလာတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်က ဆင်းသက်ပြီး မကြာမီ ပဲရစ်မြို့အပြင်ဘက်က လီဘို့ရက် လေဆိပ်မှာ ဒူရော့ဗ် အထိန်းသိမ်းခံခဲ့ရပြီးနောက် နှစ်ရက်နီးပါးအကြာ သြဂုတ် ၂၆ ရက်မှာ သမ္မတ မက်ခရွန်းက ပထမဆုံး တရားဝင်အတည်ပြု ပြောဆိုလိုက်တာပါ။
တရားဝင်အတည်ပြုချက်မရှိခဲ့လို့ ဒူရော့ဗ်ကို ဖမ်းဆီးထိန်းသိမ်းရတာရဲ့ နောက်ကွယ်က အကြောင်းအရင်း တွေအပေါ် ထင်ကြေးပေးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ပြင်သစ်နယ်မြေမှာ Telegram စီအီးအိုကို ဖမ်းဆီးမှုဟာ ဥပဒေအရ စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တရားသူကြီးတွေရဲ့ အဆုံး အဖြတ်သာဖြစ်တယ်လို့ မက်ခရွန်းက X လူမှုမီဒီယာမှာ ရေးခဲ့ပါတယ်။
Telegram မက်ဆေ့ချ်အက်ပ်နဲ့ လူမှုမီဒီယာမှာ ဆိုက်ဘာနဲ့ ဘဏ္ဍာရေး ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်မှုအတွက် ဒူရော့ဗ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ရုရှားရဲ့ မတ်ဇူကာဘတ်လို့ တင်စားကြတဲ့ ၃၉ နှစ်အရွယ် ဘီလီယံနာ ဒူရော့ဗ်ဟာ ပြင်သစ်နဲ့ ယူအေအီး နှစ်နိုင်ငံသား ခံယူထားသူလို့ သိရပါတယ်။