ယူကရိန်းဟာ ဗြိတိန်-ပြင်သစ်တို့ ပူးတွဲထုတ်လုပ်တဲ့ Storm Shadow ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းက ပစ်မှတ်တွေကို ပထမဆုံးအဖြစ် ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးကျည်နဲ့ ရုရှား ထဲကို ပစ်ခတ်မှုလုပ်ပြီး တစ်ရက်အကြာမှာ ဗြိတိန်-ပြင်သစ်ထုတ် ဒုံးကျည်ကိုပါ ယူကရိန်းက ထပ်မံ သုံးစွဲလာခဲ့ တာပါ။

အဲဒီလို အသုံးပြုပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာနကို တာဝန်ရှိသူတစ်ယောက်က အတည်ပြု ထားပြီး ဗြိတိန်မီဒီယာတွေမှာလည်း အဲဒီသတင်းကို ဖော်ပြကြပါတယ်။ ယူကရိန်း ကာကွယ်ရေးဝန်ကြီးကတော့ ဒီကိစ္စနဲ့အပေါ် အတည်ပြုဖို့ ငြင်းဆိုထားပြီး ယူကရိန်းဟာ နိုင်ငံကိုကာကွယ်ဖို့အတွက် ရှိသမျှ နည်းလမ်းတွေကို အသုံးပြုနေတာမလို့ အသေးစိတ်ပြောဖို့ မရှိကြောင်း ပြောကြားခဲ့ပါတယ်။