အီလွန်မက်စ်ရဲ့ တည်ဆောက်ထားသမျှထဲက အားအကောင်းဆုံး Space X အာကာသယာဉ်ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက ဒုံးပစ်စင်ကနေ အောင်အောင်မြင်မြင် အတက်အဆင်းပြုလုပ်နိုင်ခဲ့ပါတယ်။
အဲဒီ အာကာသယာဉ်ဟာ တစ်နေ့မှာ လူသားတွေကိုလနဲ့ကမ္ဘာကြား ကူးချီသန်းချီပျံသန်းပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ရတဲ့ယာဉ်ဖြစ်ပါတယ်။ အဲဒီ လူမဲ့ Starship အာကာသယာဉ်တပ်ဆင်ထားတဲ့ဒုံးပျံကို တနင်္ဂနွေနေ့ မနက်(၈)နာရီမိနစ်(၂၀) ဝန်းကျင်မှာ တက္ကဆပ်ပြည်နယ် ဘိုကာချီကာ အခြေစိုက်စခန်းကနေ စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။

အခု ပထမဆုံးအကြိမ်ပြုလုပ်တဲ့စမ်းသပ်မှုမှာ ပစ်လွှတ်လိုက်တဲ့ဒုံးပျံယာဉ်ကို Starship ယာဉ်နဲ့ တွဲဖြုတ်ပြီးတဲ့နောက် မူလ ဒုံးပစ်စင်မှာပြန်လည်ဆိုက်ကပ်တဲ့နည်းကို လေ့ကျင့်ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို ဒုံးပျံကိုယ်ထည် ဒုံးပစ်စင်ကို ပြန်လည်ဆင်းသက်ချိန်မှာ မိမိရရပြန်လည်ချိတ်ဆက်မိပြီး အောင်မြင်စွာပြီးဆုံးခဲ့တာကို အခုလိုတွေ့ရပါတယ်။
ဒုံးပျံကိုယ်ထည်က ဒုံးပစ်စင်မှာ ပြန်ချိတ်ဆက်ဆိုက်ကပ်နေချိန်မှာပဲ Starshp အာကာသယာဉ်ဟာ အင်ဂျင်(၆)လုံးရဲ့ အားနဲ့ ဆက်လက်ပျံသန်းနေခဲ့ပြီး အိန္ဒိယသမုဒ္ဒရာတွင်းမှာ ကမ္ဘာမြေကိုပြန်လည်ဆင်းသက်တဲ့ လေ့ကျင့်မှုကို ပြုလုပ်နေခဲ့ပါတယ်။
SpaceX ဟာ ပစ်လွှတ်ခဲ့ပြီးသားဒုံးပျံကိုယ်ထည်နဲ့ အာကာသယာဉ်ကိုမြန်မြန်ဆန်ဆန် ပြန်လည်အသုံးချကာ အနာဂတ်မှာ နောက်ထပ်အာကာသခရီးစဉ်တွေအတွက် ပစ်လွှတ်အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။