ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့တဲ့ အစိုးရဆုံးဖြတ်ချက်အသစ်အရ အကြီးမားဆုံး အခြေခံအဆောက်အအုံ စီမံကိန်း ဖြစ်တဲ့ အမြန်ရထားလမ်းစီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေအားလုံးကို ပြီးစီး အောင် ဆောင်ရွက်ဖို့ တာဝန်ပေးထားပါတယ်။

စီမံကိန်း သုံးသပ်မှုအစီရင်ခံစာကိုလည်း ၂၀၂၆ ခုနှစ် သြဂုတ်လမှာ ပြီးစီးအောင် ဆောင်ရွက်ရမှာဖြစ်ပြီး အစီရင်ခံစာကို ဝန်ကြီးချုပ်ထံတင်ပြကာ အတည်ပြုရမှာ ဖြစ်ပါတယ်။အဲဒီ အမြန်ရထားလမ်းစီမံကိန်းဟာ ၁၅၄၁ ကီလိုမီတာ ရှိကာ ဟနွိုင်းရှိ Ngoc Hoi (ငူဟွိုင်း) ဘူတာနဲ့ ဟိုချီမင်းမြို့ရှိ Thu Thiem( တူတမ်းမ်) ဘူတာကို ဆက်သွယ်ပေးသွားမှာဖြစ်ပြီး ဒေသပေါင်း ၂၀ နီးပါးကို ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရထားလမ်းတည်ဆောက်တာနဲ့ ပစ္စည်းထောက်ပံ့မှုအတွက် တာဝန်ယူထားပြီး စီမံကိန်းကို ၂၀၃၅ ခုနှစ်မှာ ပြီးစီးအောင်ဆောင်ရွက်မယ်လို့ မျှော်မှန်းထားပါတယ်။အဲဒီစီမံကိန်းနဲ့အတူ ဗီယက်နမ်ရထားလုပ်ငန်းအတွက် ၂၀၃၅ ခုနှစ်အထိ တိုးချဲ့ထားတဲ့ မဟာဗျူဟာ ဖွံ့ဖြိုးရေး အစီအစဉ်တစ်ရပ်ကိုလည်း ၂၀၄၅ ခုနှစ်ကို ရည်မှန်းပြီး ပြင်ဆင်ကာ ဝန်ကြီးချုပ်ထံ တင်ပြသွားမှာ ဖြစ်ပါတယ်။

ရထားလုပ်ငန်းအတွက် လေ့ကျင့်ရေးနဲ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပြီး ဒါဟာ သယ်ယူပို့ဆောင်ရေးစွမ်းရည်တိုးတက်မှုအပေါ် အစိုးရရဲ့ကြိုးပမ်းမှုကိုလည်း ထင်ရှားစေပါတယ်။အဲဒီရထားလမ်းမှာ တည်ရှိနေတဲ့ဒေသတွေကိုလည်း ဘူတာရုံတွေဝန်းကျင်မှာ မြေယာအသုံးချမှုအစီအစဉ် ရေးဆွဲတာ၊ နေရာရွှေ့ပြောင်းရေးနဲ့ နစ်နာကြေးအတွက် ဘတ်ဂျက်စီမံခန့်ခွဲဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။