တတိယနိုင်ငံတွေအပါအဝင် နိုင်ငံတကာအရေးကိစ္စတွေမှာ ပြည်တွင်းရဲ့တုံ့ပြန်မှုတွေကို လှုံ့ဆော်ဖို့ လုပ်နေတဲ့ နိုင်ငံခြားသံရုံးတွေရဲ့ကြိုးစားမှုကို စင်ကာပူက လက်မခံဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။သံတမန်ရေးရာအရ ထိရောက်စေဖို့ ရှုပ်ထွေးတဲ့ပြဿနာတွေကို သက်ဆိုင်ရာလမ်းကြောင်းတွေကနေ ဖြေရှင်းတာ အကောင်းဆုံးပဲလို့လည်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသွားခဲ့ပါတယ်။

စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်ကို ဝေဖန်ထားတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာတင်ပြီး တစ်ရက်အကြာမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ တင်ထားတဲ့ပို့စ်နဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အမေရိ ကန် သံရုံးဟာ တောင်တရုတ်ပင်လယ်ကိစ္စမှာ အသေးစိတ်အချက်အလက်တွေကို တကယ်မဟုတ်ဘဲ တမင် လိုရာဆွဲ ပြောနေတယ်လို့ တုံ့ပြန်ထားပါတယ်။အပြည်ပြည်ဆိုင်ရာ ခုံသမာဓိအဖွဲ့က ဘေဂျင်းရဲ့ပြောဆိုချက်တွေဟာ နိုင်ငံတကာဥပဒေအရ အခြေအမြစ် မရှိဘူးလို့ ၂၀၁၆ ခုနှစ်မှာ စီရင်ချက်ချခဲ့ပေမဲ့ တရုတ်က ဆုံးဖြတ်ချက်ကို လက်မခံဘဲ တောင်တရုတ်ပင်လယ် အများစုကို အခိုင်အမာ တောင်းဆိုနေတာ ဖြစ်ပါတယ်။