ထိုင်းနိုင်ငံနဲ့ နယ်စပ်အရေး ပဋိပက္ခတွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ကမ္ဘောဒီးယားက တိုင်ကြားသွားမှာ ဖြစ်တဲ့အကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

မကြာသေးခင်က နယ်စပ်ပဋိပက္ခမှာ ကမ္ဘောဒီးယားစစ်သားတစ်ယောက် သေဆုံးပြီးတဲ့နောက်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တဲ့ နှစ်နိုင်ငံအကြား စစ်ရေးပဋိပက္ခတွေကြောင့် အနည်းဆုံး ၂၈ ယောက် သေဆုံးခဲ့ရပါတယ်။ နောက်ဆုံးဖြစ်ရပ်ကတော့ ထိုင်း-လာအို-ကမ္ဘောဒီးယားနယ်စပ်(Emerald Triangle)မှာ ကမ္ဘောဒီးယားစစ်သားတစ်ယောက် သေဆုံးခဲ့တာပါ။ နောက်တစ်နေ့မှာ ကမ္ဘောဒီးယား နိုင်ငံခြား ရေးဝန်ကြီးဌာနက ဒီကျူးကျော်တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ချက်ချင်းစုံစမ်းစစ်ဆေးပေးဖို့ ထိုင်းသံရုံးကို စာတစ်စောင် ပေးပို့တောင်းဆိုခဲ့ပါတယ်။ ဒါဟာ ကမ္ဘောဒီးယားရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်ပြီး သံတမန်ရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းသွားမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဆိုပါတယ်။

ICJ ကို တင်သွင်းမယ့်လုပ်ဆောင်ချက်ကို ထိုင်းဘက်က သဘောမတူရင်တောင် ဆက်လက်တိုင်ကြားသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။ နယ်စပ်ပဋိပက္ခတွေကို နှစ်နိုင်ငံလုံးရဲ့ အစွန်းရောက်အဖွဲ့ငယ်တွေက လှုံ့ဆော်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်တပ်တွေ တွေ့ဆုံကြကာ တင်းမာမှုတွေကို လျှော့ချဖို့ သဘောတူခဲ့ကြပြီး နှစ်နိုင်ငံ ပူးတွဲနယ်ခြားကော်မတီက နှစ်ပတ်အတွင်း တွေ့ဆုံကာ ပြဿနာကို ဖြေရှင်းဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထိုင်းက ပြောပါတယ်။ နိုင်ငံတကာတရားရုံး ICJ ကို တိုင်ကြားရာမှာ Emerald Triangle ကိစ္စနဲ့ Ta Moan Thom ဘုရားကျောင်းကိစ္စတို့ ပါဝင်မှာဖြစ်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ပြောကြားခဲ့ပါတယ်။