အင်ဒိုနီးရှားအနေနဲ့ စွမ်းအင်ကဏ္ဍမှာ ပြည်ပက တင်သွင်းတဲ့ ရေနံနဲ့ စက်သုံးဆီတွေကို မှီခိုနေရပြီး ဒီ့အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ လောက် ကုန်ကျနေတယ်လို့ အင်ဒိုနီးရှား သမ္မတက ပြောပါတယ်။

မြို့တော် ဂျာကာတာမှာ ပြုလုပ်တဲ့ အင်ဒိုနီးရှား ရေနံအသင်းညီလာခံနဲ့ ပြပွဲမှာ သူက မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံအနေနဲ့ စွမ်းအင်ကဏ္ဍမှာ အမှီအခိုကင်းရမယ်ဆိုတဲ့ သူ့အစိုးရအဖွဲ့ရဲ့ ကတိပေးချက်ကိုလည်း ထပ်လောင်း အတည်ပြုလိုက်ပါတယ်။စွမ်းအင်သွင်းကုန်တွေကြောင့် နိုင်ငံတော်ရဲ့ဘတ်ဂျက် အများကြီးပြုန်းတီးတယ်လို့ အင်ဒိုနီးရှား သမ္မတက ပြောကြားခဲ့ပြီး အဲဒီကုန်ကျစရိတ်ကို လူမှုဖူလုံရေးအဆင့်မြှင့်တင်ဖို့ သုံးသင့်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ဒီဘတ်ဂျက်တွေကို ပြောင်းလဲအသုံးပြုရမှာဖြစ်ပြီး ပြည်တွင်းစွမ်းအင်ထုတ်လုပ်မှုကို နိုင်ငံတော်က အဆောတလျင် ဦးတည် လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။အင်ဒိုနီးရှား အစိုးရက ၂၀၂၉ မှာ တစ်ရက်ကို ရေနံစည် တစ်သန်းအထိ ပြည်တွင်းမှာ တိုးမြှင့်ထုတ်လုပ်ဖို့
ရည်မှန်းချက် ချထားပါတယ်။