စစ်ပွဲဒဏ်ခံရတဲ့ ဂါဇာက ပါလက်စတိုင်းတွေကို ယာယီခိုလှုံခွင့်ပေးဖို့အတွက် အင်ဒိုနီးရှားက အသင့်ရှိကြောင်း သမ္မတ ပရာဘိုဝိုဆူဘီယန်က ဧပြီ ၉ ရက် မှာပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြလာပါတယ်။ စစ်ပွဲဒဏ်သင့် ပါလက်စတိုင်းတွေကို အင်ဒိုနီးရှားနိုင်ငံထဲ ဘယ်လို ရွှေ့ပြောင်းပေးရမလဲဆိုတာ ပါလက်စတိုင်း ဘက်က တာဝန်ရှိသူတွေအပြင် အခြားတာဝန်ရှိသူတွေနဲ့ အလျင်အမြန်ဆွေးနွေးဖို့ ညွှန်ကြားထားတယ်လို့ သမ္မတပရာဘိုဝိုက ပြောပါတယ်။

ဒဏ်ရာရသူတွေ၊ စိတ်ဒဏ်ရာရသူတွေနဲ့ မိဘမဲ့ကလေးတွေ ထွက်ပြေးခိုလှုံနိုင်စေဖို့ အသင့်ရှိပြီး ထိခိုက်ခံရသူတွေ အနေနဲ့ ထိခိုက်ဒဏ်ရာတွေ ပြန်လည်ကောင်းမွန်လာကာ စစ်ဖြစ်ပွားရာ ဂါဇာဒေသရဲ့ အခြေအနေတွေ စိတ်ချရ တဲ့အထိ အင်ဒိုနီးရှားမှာ ယာယီနေထိုင်ခွင့်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဂျာကာတာက နှစ်နိုင်ငံ ဖြေရှင်းမှုကို ထောက်ခံခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးပို့ခဲ့ပါတယ်။ဂါဇာစစ်ပွဲဟာ ၂၀၂၃ အောက်တိုဘာလမှာ စတင်ခဲ့တာဖြစ်ပြီး ဟားမာ့စ်တပ်ဖွဲ့ဝင်တွေက အစ္စရေးတောင်ပိုင်းရှိ လူပေါင်း ၁၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၅၀ ဝန်းကျင်ကို ခေါ်ဆောင်သွားတယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ထားပါတယ်။

ပါလက်စတိုင်းအာဏာပိုင်တွေကတော့ အဲဒီအချိန်ကစပြီး အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှု အတွင်း ပါလက်စတိုင်း ၅ သောင်းကျော် အသတ်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။အင်ဒိုနီးရှားအနေနဲ့ အဲဒီပဋိပက္ခကိုဖြေရှင်းဖို့ သူတို့ရဲ့အခန်းကဏ္ဍကို မြှင့်တင်ချင်ပြီး ဒီအစီအစဉ်ဟာ မလွယ်ကူ ဘူးလို့ ပရာဘိုဝိုက ပြောပါတယ်။အင်ဒိုနီးရှား အစိုးရအနေနဲ့ ပါလက်စတိုင်းလူမျိုးတွေ လုံခြုံမှုရရှိစေဖို့ ပိုမိုတက်ကြွစွာ တွန်းအားပေးနေပါတယ်လို့ ပရာဘိုဝိုက တူကီယဲ၊ အီဂျစ်နဲ့ ကာတာနိုင်ငံတွေကို သွားရောက်မယ့် နိုင်ငံခြားခရီးစဉ် စတင်ချိန်မှာ ပြောကြားခဲ့ ပါတယ်။