ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဇူလိုင် ၃ ရက်က တွေ့ဆုံရာမှာ မိမိတို့နိုင်ငံတွေဟာ နိုင်ငံ့အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့ကြပေမယ့် တခြား ဘယ်နိုင်ငံကိုမှ တိုက်ရိုက်ဆန့်ကျင်မှု မပြုကြောင်း ပြောဆိုခဲ့ပါတယ်။
သမ္မတပူတင်နဲ့ ရှီတို့ဟာ ယူရေးရှန်း လုံခြုံရေးနဲ့ ကာကွယ်ရေးအုပ်စုရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ရဲ့ ထိပ်သီးအစည်းအဝေးကျင်းပရာ ကာဇက်စတန် နိုင်ငံမှာ တွေ့ဆုံခဲ့ကြတာပါ။
ဒီအုပ်စုကို အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့အတွက် လက်နက်တစ်ခုအဖြစ် မော်စကိုနဲ့ ဘေဂျင်းက ရှုမြင်ပါတယ်။
SCO ဟာ တရားမျှတတဲ့ ဘက်စုံကမ္ဘာစနစ်ရဲ့ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် သူ့ရဲ့ အခန်းကဏ္ဍကို အားကောင်းစေတယ်လို့ သမ္မတရှီနဲ့ တွေ့ဆုံရာမှာ သမ္မတ ပူတင်က အဖွင့်အမှာစကား ပြောကြားခဲ့သလို တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ချီးကျူးဂုဏ်ပြုခဲ့ပြီး သမိုင်း တစ်လျှောက် အကောင်းဆုံးအချိန်လို့လည်း ပြောဆိုခဲ့ပါတယ်။
ရုရှား၊ တရုတ်တို့နဲ့အတူ အာရှအလယ်ပိုင်း လေးနိုင်ငံ၊ အိန္ဒိယ၊ အီရန်နဲ့ ပါကစ္စတန်တို့ဟာ SCO အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
အဲဒီ(SCO)ရဲ့ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်လည်း ပါဝင်လာဖို့ မျှော်လင့်ထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားရဲ့ စစ်ဆင်ရေးစတင်ချိန်ကစပြီး ရုရှားနဲ့ တရုတ်တို့ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး ဆက်ဆံရေးတွေ နက်ရှိုင်းလာခဲ့ပါတယ်။