ဆူဒန်ငြိမ်းချမ်းရေးဟာ (RSF)ပြည်သူ့စစ်တပ်ဖွဲ့တွေ လက်နက်ချတဲ့အပေါ်မှာပဲ အဓိက မူတည်နေတယ်လို့ ဆူဒန် စစ်တပ်အကြီးအကဲ ဘာဟန်က ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြာသပတေးနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ဘာဟန်က အခုလို ထည့်သွင်းပြောကြားသွားခဲ့တာပါ။
ဆူဒန်စစ်တပ်ဟာ ၁၇ လ ကြာ ဖြစ်ပွားတဲ့ စစ်ပွဲအတွင်း အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF)လက်ထဲကို မြို့တော်ခါတွန်ရဲ့ နေရာအများစု လက်လွှတ်ခဲ့ရပါတယ်။
အဲဒီညီလာခံ မိန့်ခွန်းပြောနေချိန်မှာပဲ ဆူဒန်စစ်တပ်ဟာ လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို အမြောက်နဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး ပြန်ယူဖို့ ကြိုးပမ်းလာနေပါတယ်။
ညီလာခံ မိန့်ခွန်းအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာလည်း ဘာဟန်က တပ်ဆုတ်ခွာမှုမရှိတဲ့ အပစ်ရပ်စဲမှု ကို လက်သင့်ခံမှာ မဟုတ်ကြောင်းနဲ့ အဲဒီပြည်သူ့စစ်တွေအနေနဲ့ လက်ရှိရောက်ရာ နေရာတွေကနေ ဆုတ်ခွာဖို့ ပြောကြားခဲ့ပါတယ်။
ဘာဟန်ရဲ့ မိန့်ခွန်းပြောကြားမှုအပြီး RSF တပ်ဖွဲ့ရဲ့ ခေါင်းဆောင် မိုဟာမက် ဟမ်ဒန် ဒါဂလို က အသံသွင်းပေးပို့လာတဲ့ မိန့်ခွန်းမှာ သူ့တပ်ဖွဲ့အနေနဲ့ အကူအညီတွေ ဝင်ရောက်လာနိုင်မဲ့ တစ်နိုင်ငံလုံး အပစ် ရပ်စဲမှုကို လက်ခံကြိုဆိုကြောင်း ထပ်မံ ကတိပြု ပြောကြားထားပါတယ်။
ဆူဒန်မြို့တော် ခါတွန်ရဲ့ အစိတ်အပိုင်း သုံးခုကို ချိတ်ဆက်ပေးတဲ့ နိုင်းလ်မြစ်ကူး တံတားကို ဆူဒန်စစ်တပ်က ဖြတ်ကျော်ဖို့ ကြိုးစားနေပြီး တစ်ပြိုင်တည်းမှာပဲ လက်နက်ကြီးပစ်ကူနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပေါ်နေကြောင်း မျက်မြင်သက်သေတွေက ရိုက်တာကို ပြောပါတယ်။
အဲဒီဆူဒန်ပြည်တွင်းစစ်ကို သံတမန်ရေးနည်းနဲ့ အဖြေရှာရေး ကုလသမဂ္ဂရဲ့ အားထုတ်မှုဟာလည်း ပြီးခဲ့တဲ့လက ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေကို ဆူဒန်စစ်တပ်က တက်ရောက်ဖို့ငြင်းဆန်ခဲ့မှုနဲ့အတူ ပျက်ပြားသွားခဲ့ပါတယ်။