ဂျပန် Nissan ကားကုမ္ပဏီကြီးရဲ့ ဘဏ္ဍာရေးအရာရှိချုပ် စတီဖန်မာ ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဘလွန်းဘာ့ဂ် သတင်းဌာနက နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။ Nissan ဟာ ကမ္ဘာတစ်ဝန်းမှာ ကုမ္ပဏီရဲ့ အလုပ်အကိုင်ထောင်ပေါင်းများစွာ ဖြတ်တောက်လျှော့ချမယ့် အစီအစဉ်ကို ကြေညာပြီးနောက် သီတင်းသုံးပတ် အကြာမှာ ဒီသတင်းထွက်ပေါ်လာတာပါ။
မာ ဟာ ၂၀၁၉ ခုနှစ်မှာ Nissan ရဲ့ ဘဏ္ဍာရေးအကြီးအကဲ မာကိုတာ အူချီဒါ နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရသူ ပါ။ Nissan ဟာ တရုတ်နဲ့ အမေရိကန်မှာ ရောင်းအားကျဆင်းနေပြီး လက်ရှိဘဏ္ဍာရေးနှစ်မှာ ကုန်ကျစရိတ် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ လျှော့ချဖို့ ရုန်းကန်နေရပါတယ်။ ဒါကြောင့် အလုပ်အကိုင်နေရာ ၉၀၀၀ နဲ့ ကမ္ဘာ့ ထုတ်လုပ်မှုစွမ်းရည် ရာခိုင်နှုန်း ၂၀ လျှော့ချမယ်လို့ နိုဝင်ဘာလ အစောပိုင်း ကပြောကြားခဲ့တာပါ။
၂၀၁၈ ခုနှစ်က ဥက္ကဋ္ဌဟောင်း ကာလို့စ်ဂိုဆန်ကို ဖြုတ်ချပြီး ပြင်သစ် Renault ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ Nissan ဟာ အခြေအနေ ပြန်လည်ကောင်းမွန်လာတာ မရှိသေးသလို တခြားနိုင်ငံတွေက ကားထုတ်လုပ်သူ အများအပြားလိုပဲ ရုန်းကန်နေရပါတယ်။ အထူးသဖြင့် တရုတ်ဈေးကွက်မှာ BYD ၊ တခြားပြည်တွင်းဖြစ် EV တို့နဲ့ စျေးကွက်ဝေစုကို လုနေရပါတယ်။