သိမ်းပိုက်ခံ အနောက်ဘက်ကမ်းက ဆေးရုံတစ်ရုံကို ဇန်နဝါရီ ၃၀ ရက်က ဆေးဝန်ထမ်းတွေနဲ့ အစ္စလာမ် အမျိုးသမီးတွေအဖြစ် အသွင်ယူထားတဲ့ အစ္စရေး ကွန်မန်ဒိုတွေက ဝင်ရောက်စီးနင်းပြီး ပါလက်စတိုင်း စစ်သွေးကြွ သုံးယောက်ကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ပါလက်စတိုင်းတစ်ယောက်ဟာ ဆေးရုံကုတင်ပေါ်မှာလဲနေတဲ့ အကြောသေနေသူဖြစ်တယ်လို့ မျက်မြင်သက်သေတွေနဲ့ အာဏာပိုင်တွေက ပြောပါတယ်။ အနောက်ဘက်ကမ်းက မတည်ငြိမ်ဆုံး မြို့တစ်မြို့ ဖြစ်တဲ့ ဂျဲနင်းက အီဘန်းဆီနာဆေးရုံကို စစ်တပ်၊ ထောက်လှမ်းရေးနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ် ဆောင်တဲ့ လျှို့ဝှက်စစ်ဆင်ရေးမှာ စစ်သွေးကြွ သုံးယောက် သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟားမာ့စ်ရဲ့ ဂါဇာနယ်စပ်ကိုဖြတ်ပြီး အစ္စရေးနိုင်ငံထဲ အောက်တိုဘာ ၇ ရက်က ဝင်ရောက်တိုက်ခိုက်မှုလွှမ်းမိုးပြီး တိုက်ခိုက်မှုတစ်ခုလုပ်ဖို့စီစဉ်နေတဲ့ ဟားမာ့စ်အဖွဲ့ဝင်တစ်ယောက်ကို ပစ္စတိုတစ်လက်နဲ့အတူ ဖော်ထုတ်တွေ့ရှိခဲ့ တယ်လို့လည်းဆိုခဲ့ပါတယ်။ တခြားစစ်သွေးကြွ ညီအစ်ကိုနှစ်ယောက်ဟာ ဂျဲနင်းတပ်မဟာနဲ့ အစ္စလာမ္မစ် ဂျီဟတ် လက်နက်ကိုင်အဖွဲ့ကဖြစ်တယ်လို့လည်း အစ္စရေးက ပြောပါတယ်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက သေဆုံးမှုတွေကို အတည်ပြုခဲ့ပြီး ကျန်းမာရေးဌာနတွေအတွက် အကာအကွယ် အာမခံချက်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။ ဆေးရုံတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအသစ်ကို အစ္စရေးက ကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးသူတစ်ယောက်ဟာ အောက်တိုဘာ ၂၅ ကတည်းက ကျောရိုးဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေရသူ ဖြစ်ပါတယ်။ စစ်သွေးကြွသုံးယောက်ဟာ ဆေးရုံမှာပုန်းအောင်းနေခဲ့ပြီး ဒါဟာ အကြမ်းဖက်အဖွဲ့တွေက အရပ်ဖက်အဆောက် အအုံနဲ့ ဆေးရုံတွေကို ခိုအောင်းရာနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုတဲ့ တခြားဥပမာတစ်ရပ် ဖြစ်တယ်လို့လည်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ အဲဒီပြောဆိုချက်ကို ဟားမာ့စ်ကတော့ငြင်းဆိုထား ပါတယ်။