ဝါရှင်တန်ရဲ့မဟာမိတ် အစ္စရေးနဲ့ အီရန်တို့အကြား တိုက်ခိုက်မှုဖြစ်ပွားနေတဲ့အပေါ် ဒေသတွင်းပဋိပက္ခမှာ အမေရိကန် ဝင်မပါဖို့ အီရတ်က အီရန်နဲ့ အမေရိကန်အစိုးရတွေဆီ ချဉ်းကပ်ခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

အီရတ်အစိုးရဟာ အီရန်နဲ့ ရင်းနှီးတဲ့မဟာမိတ်ဖြစ်သလို အမေရိကန်နဲ့လည်း မဟာဗျူဟာမြောက် မိတ်ဖက် ဖြစ်ပါတယ်။ အစ္စရေးက အီရန်ကို တိုက်ခိုက်ဖို့ အီရတ်ရဲ့ လေပိုင်နက်ကို ချိုးဖောက်နေတာကို လုံးဝလက်မခံဘူး လို့ အီရတ်အစိုးရက ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ အစ္စရေးပိုင်လေယာဉ်တွေ အီရတ်လေပိုင်နက်ကို ထပ်မဝင်အောင် အမေရိကန် ဘက်က တာဝန်ယူပေးဖို့လည်း တောင်းဆိုထားပါတယ်။ အီရန်အနေနဲ့ သူ့ပိုင်နက်ထဲက အမေရိကန်ပစ်မှတ်တွေ ကို မတိုက်ခိုက်အောင်လည်း တောင်းဆိုပေးထားတယ်လို့ အီရတ်အရာရှိတစ်ယောက်က ပြောကြားထားပါတယ်။

အခုလို တင်းမာမှုတွေ ရှိမလာခင်ကတည်းက အမေရိကန်နဲ့ နျူကလီးယားကိစ္စ ဆွေးနွေးတာ အဆင်မပြေလို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့ရင် ဒေသထဲက အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်သွားမယ်လို့ အီရန်က ခြိမ်းခြောက် ပြောဆိုထားတာပါ။ အီရန်ကို တိုက်ခိုက်ဖို့အတွက် အစ္စရေးဘက်က သူ့ရဲ့လေပိုင်နက်ကို သုံးနေတာနဲ့ ပတ်သက်လို့လည်း အီရတ်က ကုလသမဂ္ဂကို တိုင်ကြားခဲ့ပါတယ်။