ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေကြောင့် မနေ့က ဇွန်လ ၁၁ ရက် တစ်ရက် တည်းမှာ ပါလက်စတိုင်း အနည်းဆုံး ၆၀ လောက် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။သေဆုံးမှု အများစုဟာ အစ္စရေးနဲ့ အမေရိကန်တို့က ကျောထောက်နောက်ခံပေးထားတဲ့ ဂါဇာလူသားချင်းစာနာမှု ဖောင်ဒေးရှင်း(GHF)ရဲ့ ထောက်ပံ့ရေးပစ္စည်း ဖြန့်ဖြူးရေးစင်တာတွေအနီးမှာ ဖြစ်တယ်လို့ ဂါဇာကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

မနေ့ မနက်အစောပိုင်းမှာ နေဇာရိမ်စင်္ကြံအနီးက GHF ရဲ့ အစားအစာဖြန့်ဖြူးရေး စင်တာအနီးမှာ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၂၅ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ခန်းယူနစ်မှာရှိတဲ့ နက်ဆာဆေးရုံက ကျန်းမာရေးအရာရှိတွေရဲ့ ပြောကြားချက်အရ ညနေပိုင်းမှာလည်း ရာဖာမှာရှိတဲ့ GHF ရဲ့ ထောက်ပံ့ရေးစင်တာတစ်ခုအနီးမှာ အစ္စရေးရဲ့ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၄ ယောက် ထပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။GHF ကတော့ မနေ့က ဒီလိုပစ်ခတ်မှုတွေ မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပြီး ပါလက်စတိုင်းပြည်သူတွေကို ကူညီ ထောက်ပံ့တာတွေ ဆက်ပေးဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေက ကန့်ကွက်နေတဲ့ကြားက အမေရိကန်နဲ့အစ္စရေးတို့ ပူးပေါင်း ပြီး GHF ကနေတစ်ဆင့် ပါလက်စတိုင်းတွေကို ထောက်ပံ့ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ဒီအကူအညီပေးရေးစနစ် စတင်ခဲ့တဲ့ မေလ ၂၆ ရက်ကစလို့ GHF စင်တာတွေအနီးမှာ နေ့တိုင်းနီးပါး လူအသေအပျောက် ရှိခဲ့ပါတယ်။အစ္စရေးရဲ့ ပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ပါလက်စတိုင်း ၁၆၀ ကျော် သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။