မေလ ၂၅ ရက်နေ့က ဂါဇာကမ်းမြောင်တစ်လျှောက်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူဦးရေ ၃၀ကျော်သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေရဲ့ပြောကြားချက်ကိုကိုးကားပြီး Reuters သတင်းမှာဖော်ပြထားပါတယ်။အစ္စရေးတိုက်ခိုက်မှုအတွင်း မြို့ပြအရေးပေါ်ဌာနက အကြီးတန်းအရာရှိတစ်ဦး နဲ့ သူ့ဇနီးတို့လည်း နေအိမ်မှာ သေဆုံးသွားကြောင်း ဒေသဆိုင်ရာ ဆေးမှူးတွေကပြောပါတယ်။ ဒါ့အပြင် အကြီးတန်းကယ်ဆယ်ရေးအရာရှိတစ်ဦးနဲ့ သတင်းထောက်တစ်ဦး လည်း သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောကြားထားပါတယ်။

ကျန်ရှိနေသေးတဲ့ ဓားစာခံတွေကို လဲလှယ်ပြီး ဟားမာ့စ်တွေကို အမြစ်ဖြတ်ချေမှုန်းကာ သူ့တို့ရဲ့ အုပ်ချုပ်မှု အားလုံးကို ဖျက်သိမ်းဖို့ အပြီးတိုင် အဆုံးသတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ကပြောကြားထားပါတယ်။တစ်ဖက်မှာလည်း ဟားမာ့စ် လက်နက်ကိုင်တပ်ဖွဲ့တွေက ဂါဇာတစ်ဝှမ်းရှိ နေရာအများအပြားမှာ လှုပ်ရှားနေတဲ့ အစ္စရေးတပ်ဖွဲ့တွေကို ဗုံးတွေ တင့်ကားဖျက်ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။