ဂါဇာကမ်းမြောင်တစ်လျှောက် အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ပါလက်စတိုင်း ၈၀ ထက် မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက မေလ ၁၄ ရက်က ပြောကြားလာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သွားရောက်စဉ်အတွင်း ဂါဇာမှာ အစ္စရေးရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေက ပိုမို ပြင်းထန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာမြောက်ပိုင်း Jabalia ဧရိယာရှိ နေအိမ်တွေကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူအများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ် တွေ ဖြစ်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။

မေလ ၁၄ ရက် နှောင်းပိုင်းက အစ္စရေးစစ်တပ်ဟာ ဂါဇာမြို့တော်ရှိ ခရိုင်အများအပြားမှာ နေထိုင်နေတဲ့ လူအများ အပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေကိုလည်း နေရပ် စွန့်ခွာကာ ဘေးကင်းရာကို အမြန်ဆုံးပြောင်းရွှေ့ဖို့ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။အစ္စရေးစစ်တပ်က ရွှေ့ပြောင်းဖို့ အမိန့်ပေးပြီးနောက် မကြာခင်မှာဘဲ အစ္စရေးလေယာဉ်တွေက ဂါဇာက ပစ်မှတ် တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။