အီရန်ဟာ အစ္စရေးပိုင်နက်ထဲကို မောင်းသူမဲ့လေယာဉ် အစင်း ၁၀၀ ကျော်နဲ့ လက်တုံ့ပြန်တိုက်ခိုက်တာတွေ စတင်လုပ်ဆောင်လာပြီလို့ အစ္စရေးစစ်တပ်က ဒီကနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ ပြောပါတယ်။ဒီနေ့ မနက်အစောပိုင်းက အီရန် နိုင်ငံတစ်ဝန်းမှာရှိတဲ့ နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီးနောက် မကြာခင်မှာ အီရန်ဘက်ကလည်း ဒရုန်း ၁၀၀ ကျော်နဲ့ ပြန်လည်တိုက်ခိုက်လာတာပါ။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တား ဖို့ ဝေဟင်ကာကွယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ စစ်ဦးစီးချုပ်၊ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ရဲ့ တပ်မှူး၊ အီရန်အရေးပေါ်ကွပ်ကဲမှုတပ်မှူး၊ အီရန် အနုမြူစွမ်းအင်အဖွဲ့ အကြီးအကဲနဲ့ နျူကလီး ယား သိပ္ပံပညာရှင် တွေ သေဆုံးခဲ့ပါတယ်။ IDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက အီရန်ကို တိုက်ခိုက်မှုအတွင်းမှာ မိမိတို့အနေနဲ့ ဖိုက်တာ ဂျက်လေယာဉ် အစင်း ၂၀၀ လောက်အထိ အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

အီရန်ရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာခါမေနီကလည်း ဒီတိုက်ခိုက်မှုအတွက် အစ္စရေးဟာ ခါးသီးတဲ့ ကံကြမ္မာကို သေချာပေါက် ခံစားရစေမယ်လို့ ပြောခဲ့ပါတယ်။အစ္စရေးက အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေအတွက် နိုင်ငံတွင်းမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး အစ္စရေးနိုင်ငံသားတွေကို အမိုးအကာတွေအောက်မှာနေဖို့ သတိပေးချက်တွေ ထုတ်ထားပါတယ်။ကုလသမဂ္ဂအကြီးအကဲကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒီအခြေအနေအပေါ် အထူးစိုးရိမ်ကြောင်းနဲ့ အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ပြေလျော့ဖို့အတွက် နှစ်ဖက်လုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။