အမေရိကန်ကျောထောက်နောက်ခံပြု ဖောင်ဒေးရှင်းတစ်ခုက အကူအညီတွေ ပေးပို့ရာမှာ ဂါဇာရှိ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းအများအပြားက အလုပ်အယက် တိုးဝှေ့ ယူနေကြတာကြောင့် အစားအသောက်ရိက္ခာပေးပို့မှုတွေ ပြတ်လပ်သွားမှာကို ဂါဇာအာဏာပိုင်တွေက စိုးရိမ်နေကြတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ထောက်ပံ့ပေးဖို့ အမေရိကန်ကျောထောက်နောက်ခံပြု ဖောင်ဒေးရှင်း တစ်ခုဟာ မေလ ၂၆ ရက်က လုပ်ငန်းတွေ စတင်ခဲ့တာပါ။ ဂါဇာမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေကို အဲဒီ ဖောင်ဒေးရှင်းက ရိက္ခာတွေကို ထရပ်ကားတွေနဲ့ပို့ ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။အစ္စရေးစစ်တပ် အပြည့်အဝထိန်းချုပ်မှုအောက်မှာရှိတဲ့ ဂါဇာ တောင်ပိုင်းမြို့တော် ရာဖာဒေသမှာလည်း ထောင်နဲ့ ချီတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အစားအစာရယူဖို့ ဖောင်ဒေးရှင်းရဲ့ ဖြန့်ဖြူးရေး နေရာတွေကို အပြေးအလွှား စုရုံးရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

အစ္စရေးက ဂါဇာကို သုံးလနီးပါး အကူအညီပေးပို့မှု ပိတ်ဆို့ထားပြီးနောက် စားနပ်ရိက္ခာ ပြတ်လပ်ပြီး ငတ်မွတ်ခေါင်းပါးတဲ့အခြေအနေ ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ထောက်ပံ့ပေးဖို့ အစ္စရေးဝန်ကြီးချုပ်က ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။