ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပို့ဆောင်ဖို့ ကြိုးပမ်းနေတဲ့ ရွက်လှေကို အစ္စရေး တပ်ဖွဲ့တွေက ဝင်စီးနင်းခဲ့ပြီးနောက် လက်ရှိမှာတော့ အစ္စရေးဆိပ်ကမ်းမြို့ဖြစ်တဲ့ အက်ရှ်ဒေါ့ကို ခေါ်ဆောင်သွား တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ဆွီဒင် တက်ကြွလှုပ်ရှားသူ ဂရီတာ သန်းဘတ်ဂျ် အပါအဝင် နိုင်ငံတကာက တက်ကြွလှုပ်ရှားသူ ၁၂ ယောက် ပါဝင်တဲ့ ဒီရွက်လှေကို ဂါဇာကမ်းမြောင် မရောက်ခင် မနေ့က ဇွန်လ ၉ ရက် မနက်အစောပိုင်းမှာ အစ္စရေးတပ်ဖွဲ့ တွေက ဟန့်တားခဲ့တာပါ။

မက်ဒလင်းရွက်လှေဟာ ဆန်နဲ့ ကလေးအစားအစာတွေအပါအဝင် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို သယ်ဆောင် လာတာဖြစ်ပြီး ဂါဇာကို အကူအညီတွေ ဝင်ရောက်ခွင့် အစ္စရေးက ပိတ်ပင်ထားတဲ့ကိစ္စကို ဆန့်ကျင်တဲ့ သင်္ကေတ အနေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဂါဇာကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ရွက်လှေပေါ်မှာ ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်နဲ့ တူကီယဲ နိုင်ငံသားတွေ ပါဝင်သလို ဥရောပပါလီမန်က ပြင်သစ် တစ်ယောက်နဲ့ အယ်လ်ဂျားဇီးယားသတင်းဌာနရဲ့ ပြင်သစ်သတင်းထောက်တစ်ယောက်လည်း ပါဝင်ပါတယ်။ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ရွက်လှေပေါ်မှာ ပါတဲ့ ပြင်သစ်တက်ကြွလှုပ်ရှားသူ ခြောက်ယောက်ကို ပြန်ပို့ဖို့နဲ့ သူတို့ကိုတစ်စုံတစ် ရာ ထိခိုက်မှု မရှိစေဖို့ အစ္စရေးကို တောင်းဆိုထားပါတယ်။

ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အစ္စရေးအာဏာပိုင်တွေနဲ့ အဆက်အသွယ်လုပ်နေကြောင်း ပြောထားပြီး တူကီယဲကတော့ နိုင်ငံတကာရေပိုင်နက်မှာ အခုလို ကြားဖြတ်ဟန့်တားခဲ့တဲ့အပေါ် ပြင်းထန်တဲ့တိုက်ခိုက်မှုအဖြစ် ရှုတ်ချခဲ့ပါတယ်။ဂါဇာမှာရှိတဲ့ ဟားမတ်စ်စစ်သွေးကြွတွေဆီကို လက်နက်တွေ မရောက်ရှိအောင် တားဆီးဖို့အတွက် အခုလို ပိတ်ဆို့ ထားတာလို့ အစ္စရေးက ပြောပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက တက်ကြွလှုပ်ရှားသူတွေကို ဂါဇာကို ဝင်ခွင့်မပေးဘဲ နေရပ်နိုင်ငံတွေဆီ ပြန်ပို့မယ်လို့ ပြောကြားထားပြီး လက်ရှိမှာတော့ သူတို့ရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း သေချာစေဖို့ ဆေးစစ်မှုတွေ လုပ်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။