ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့က ထောက်ပံ့ရေးပစ္စည်း ဖြန့်ဖြူးရေး စင်တာတစ်ခုအနီးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက် မနက်အစောပိုင်းက အမေရိကန်ရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ ဂါဇာလူသားချင်း စာနာထောက်ထားမှုဖောင်ဒေးရှင်း (GHF) ရဲ့ ထောက်ပံ့ရေးပစ္စည်း ဖြန့်ဖြူးရေး စင်တာအနီးမှာ ပါလက်စတိုင်းဒေသခံတွေ အစားအစာရရှိဖို့ စောင့်ဆိုင်းနေချိန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အစ္စရေးတပ်ဖွဲ့တွေက လူအုပ်ထဲကို ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူ ၃၁ ဦးနဲ့ ဒဏ်ရာရသူ ၁၇၉ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဒီဖြစ်ရပ်တွေအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်း ပြုလုပ်ဖို့နဲ့ ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့ တောင်းဆိုလိုက်တာပါ။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကလည်း ရာဖာမှာရှိတဲ့ ကြက်ခြေနီဆေးရုံမှာ ဇွန်လ ၁ ရက်နေ့က အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၇၉ ယောက်လောက်ကို ကုသပေးခဲ့ရတယ်လို့ အတည်ပြုပါတယ်။ဒဏ်ရာပြင်းထန်တဲ့ လူနာအချို့ကို ခန်းယူနစ်မြို့မှာရှိတဲ့ နက်ဆာဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး နက်ဆာဆေးရုံ တာဝန်ရှိသူတွေကလည်း ပြင်းထန်ဒဏ်ရာနဲ့ လူနာတချို့ကို ကုသပေးခဲ့ရသလို စိုးရိမ်ရတဲ့လူနာတွေ ရှိတယ်လို့ ပြောပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကတော့ သူတို့တပ်ဖွဲ့ဝင်တွေက ထောက်ပံ့ရေးပစ္စည်း ဖြန့်ဖြူးရေး စင်တာအနီးမှာ ပစ်ခတ်ခြင်းမပြုခဲ့ဘူးလို့ ဇွန်လ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။