ယီမင်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ မေလ ၂၂ ရက် မနက်အစောပိုင်းမှာ ယီမင်ဘက်က အစ္စရေးအလယ်ပိုင်းကို ပစ်မှတ်ထားပြီးတော့ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်တာဖြစ်ပြီး အစ္စရေးဘက်မှာ လေကြောင်းအချက်ပေး ဥဩသံတွေ ကြားခဲ့ရ တယ်လို့ သိရပါတယ်။

အစ္စရေးစစ်တပ်က ဒီတိုက်ခိုက်မှုတွေဟာ ဟူသီအဖွဲ့ရဲ့ လက်ချက်လို့ ပြောဆိုထားပြီး ဒါဟာ အခုလအတွင်းမှာ ၄ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၉ ရက်ကလည်း အစ္စရေးအနေနဲ့ ယီမင်ဘက်က ပစ်လွှတ် လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ဟန့်တားခဲ့ရပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကလည်း ယီမင်ဘက်က ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်ကတော့ ယီမင်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ အစ္စရေးနိုင်ငံ တဲလ်အဗစ် မြို့အနီးက ဘန်ဂူရီယွန်လေဆိပ်အနီးကို ကျရောက်ခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ် ခရီးစဉ်အချို့ ခေတ္တဆိုင်းငံ့ထားခဲ့ရသလို အဓိကလေကြောင်းလိုင်းတွေရဲ့ ခရီးစဉ် အများအပြားကိုလည်း ဖျက်သိမ်း ခဲ့ရတယ်လို့ သိရပါတယ်။