အီရန်မြို့တော် တီဟီရန်က လူထုကို မြို့တွင်းကနေ အားလုံးထွက်ခွာဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောလိုက်ပြီး မကြာခင်မှာပဲ မြို့တော် တီဟီရန်မှာ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ မြို့ခံတွေက ပြောကြား လာတာကို Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။ အစ္စရေးနဲ့အီရန် အပြန်အလှန်တိုက်ခိုက်မှု ၅ ရက်မြောက်နေ့မှာ သမ္မတ ဒေါ်နယ်ထရမ့်က မြို့ခံတွေအနေနဲ့ တီဟီရန်မြို့ကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ပြောကြားခဲ့တာပါ။

ထရမ့်ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး မြို့ခံတွေက ‘‘လူ ၁၀ သန်းလောက် ချက်ချင်း ဘယ်လို ပြောင်းကြ ရွှေ့ကြမှာလဲ’’ ဆိုတဲ့ မေးခွန်းတွေ ထုတ်လာ ကြတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။အီရန်-အစ္စရေး အရေးကြောင့် သမ္မတထရမ့်ဟာ ကနေဒါနိုင်ငံမှာ ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲခရီးစဉ်ကို တစ်ရက်စောပြီး ပြန်ခဲ့တယ်လို့ ထိပ်သီးဆွေးနွေးပွဲမှာ သတင်းယူနေတဲ့ Bloomberg သတင်းထောက်တွေက ပြောပါတယ်။ဒီအတောအတွင်းမှာပဲ ထရမ့်က အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ ပြောကြားလိုက်ပြီဖြစ်ပေမဲ့ အီရန်အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အမေရိကန် ပါဝင်မှာ မဟုတ်ဘူးလို့ အမေရိကန်အရာရှိတွေက ပြောပါ တယ်။