လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရွက်လှေပေါ်မှာပါတဲ့ နောက်ထပ်တက်ကြွလှုပ်ရှားသူ ၆ ယောက် ကို မနေ့က ဇွန်လ ၁၂ ရက်မှာ အစ္စရေးက နေရပ်ပြန်ပို့လိုက်ပြီလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ဂါဇာကိုဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံတကာက တက်ကြွလှုပ်ရှားသူ ၁၂ ယောက် ပါဝင်တဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးရွက်လှေကို အစ္စရေးတပ်ဖွဲ့တွေက ဇွန်လ ၉ ရက်မှာ စီးနင်းဟန့်တားခဲ့တာပါ။အဲဒီနောက် ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာ ဆွီဒင် တက်ကြွလှုပ်ရှားသူ ဂရီတာ သန်းဘတ်ဂျ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ယောက်ကို နေရပ်ပြန်ပို့ခဲ့ပြီး မနေ့က ဇွန်လ ၁၂ ရက်မှာ နောက်ထပ် ၆ ယောက်ကို ပြန်ပို့ခဲ့တာပါ။

မနေ့က နေရပ်ပြန်လာသူတွေထဲမှာ ဥရောပပါလီမန်အဖွဲ့ဝင် ရီမာဟတ်ဆန်နဲ့ နယ်သာလန်၊ တူကီယဲ၊ ဂျာမနီ၊ ဘရာဇီးနဲ့ ပြင်သစ်နိုင်ငံတွေက တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပါတယ်။ လက်ရှိ အစ္စရေးမှာ မက်ဒလန်း ရွက်လှေ ပေါ်က ပြင်သစ်နိုင်ငံသားတစ်ယောက်နဲ့ ဂျာနယ်လစ်တစ်ယောက် ကျန်ရှိနေသေးပြီး သူတို့ကို ဒီနေ့ ဇွန်လ ၁၃ ရက်မှာ နေရပ်ပြန်ပို့ဖွယ် ရှိနေပါတယ်။မက်ဒလင်းရွက်လှေဟာ ဆန်နဲ့ ကလေးအစားအစာတွေအပါအဝင် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို သယ်ဆောင် လာတာဖြစ်ပြီး အစ္စရေးက ဂါဇာကို အကူအညီတွေ ဝင်ရောက်ခွင့် ပိတ်ပင်ထားတဲ့ကိစ္စကို ဆန့်ကျင်တဲ့ သင်္ကေတ အနေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဂါဇာကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။