အစ္စရေးအနေနဲ့ တီဟီရန်ကို လာတိုက်ခိုက်မယ်ဆိုရင် ပြတ်ပြတ်သားသားတုန့်ပြန်သွားမှာဖြစ်တယ်လို့ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် (IRGC) က သတိပေးလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားအခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အီရန်ဘက်က အခုလို တုန့်ပြန်လာတာပါ။

အစ္စရေးသာ နျူကလီးယားစခန်းတွေကို တိုက်ခိုက်မယ်ဆိုရင် အမေရိကန်အနေနဲ့ ဒီကိစ္စကို တာဝန်ယူရမှာဖြစ်ပြီး အမေရိကန်ကို ဒီလုပ်ရပ်မှာ ပါဝင်သူအဖြစ် ရှုမြင်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရာဂ်ချီက ပြောပါတယ်။အစ္စရေးနဲ့ အရင်းနှီးဆုံးမဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ အီရန်တို့ဟာ အီရန်ရဲ့ ယူရေနီယံ သန့်စင်မှုနဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲလွဲမှုရှိနေပြီး လာမယ့်သောကြာနေ့မှာ နှစ်နိုင်ငံကြား ငါးကြိမ်မြောက် နျူကလီးယား ဆွေးနွေးပွဲထပ်လုပ်ဖို့ ရှိနေပါတယ်။

အီရန်က သူတို့အနေနဲ့ နျူကလီးယားလက်နက် ပြုလုပ်နေတယ်ဆိုတဲ့အပေါ် အစဉ်အစိုက် ငြင်းဆိုထားပြီး မိမိတို့ရဲ့ နျူကလီးယားအစီအစဉ်ဟာ အရပ်ဘက် ရည်ရွယ်ချက်အတွက် ဖြစ်တယ်လို့ အခိုင်အမာပြောထားပါတယ်။အီရန်ဟာ ဇီယွန်ဝါဒီ အစ္စရေးအစိုးရရဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် ဥပဒေမဲ့လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသားတုန့်ပြန်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဆီ ပေးပို့ထားတဲ့စာမှာ ဖော်ပြထားပါတယ်။အမေရိကန်ကတော့ နျူကလီးယားအခြေစိုက်နေရာတွေကို ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို လက်မခံဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။