မူဆလင်နိုင်ငံတွေအနေနဲ့ အနာဂတ် ပါလက်စတိုင်းနိုင်ငံအတွက် သူတို့ရဲ့ နယ်မြေအချို့ကို ခွဲပေးသင့်တယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဟက်ကာဘီးက ပြောပါတယ်။ Bloomberg, BBC သတင်းဌာန တွေနဲ့ မနေ့က ဇွန်လ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ မိုက်ဟက်ကာဘီးက အခုလို ပြောခဲ့တာပါ။

မူဆလင်နိုင်ငံတွေမှာ အစ္စရေးထိန်းချုပ်ထားတဲ့ နယ်မြေပမာဏထက် ၆၄၄ ဆ ရှိအကြောင်း သူကပြောခဲ့ပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ပေးချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် တစ်ယောက်ယောက်က သူတို့ရဲ့ နယ်မြေတွေကို ခွဲပေးချင်ပါတယ်လို့ ပြောလာနိုင်တယ်လို့ ဟက်ကာဘီးက ပြောခဲ့တာပါ။အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသနဲ့ ဂါဇာကို လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်လာဖို့ ပါလက်စတိုင်းတွေက အရင်ကတည်းက မျှော်မှန်းချက် ရှိခဲ့တာဖြစ်ပြီး အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းတွေရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဟက်ကာဘီးရဲ့ ပြောကြားချက်အရ အမေရိကန်ဟာ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်မယ့် အိပ်မက်ကို ဆက်မထောက်ခံတော့ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဝေဖန်သူ အများစုကလည်း ဟက်ကာဘီးရဲ့ ပြောကြားချက်ဟာ ပါလက်စတိုင်းတွေရဲ့ နှစ်နိုင်ငံ မျှော်မှန်းချက်ကို ပယ်ချလိုက်တာဖြစ်ပြီး ဥရောပနဲ့ အာရပ်မဟာမိတ်တွေရဲ့ အမေရိကန်အပေါ် ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ ဆိုပါတယ်။အစ္စရေးကတော့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်မယ့်ကိစ္စကို တောက်လျှောက်ဆန့်ကျင်လာတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ အိမ်ဖြူတော်တို့ကတော့ ဟက်ကာဘီးရဲ့ မှတ်ချက်အပေါ်မှာ သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော် ပြောလာတာ မရှိသေးပါဘူး။