ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မေလ ၂၁ ရက်က ကျောင်းကားတစ်စီးကို အသေခံဗုံးခွဲမှု ပြုလုပ်ခဲ့တာ ကြောင့် ကလေးငယ် ၃ ယောက်အပါအဝင် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ပါကစ္စတန် အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ် ကုစဒါးမြို့မှာ အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး နောက်ထပ် လူ ၃၈ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားတဲ့နေရာကို အလျင်အမြန် ပိတ်ဆို့ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးသမားတွေက ဒဏ်ရာရသူတွေကို ဒေသဆိုင်ရာ ဆေးရုံတွေကို အမြန်ပို့ဆောင်ခဲ့ပါတယ်။ကလေးအများအပြားဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေဟာ အပြစ်မဲ့ကလေးတွေကို ပစ်မှတ်ထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာလို့ ပြောပါတယ်။ ပါကစ္စတန်စစ်တပ်ကလည်း ဒီလုပ်ရပ်ကို သရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ကြေညာချက်ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်ကတော့ ဒဏ်ရာရသူတွေကို တွေ့ရဖို့အတွက် ဘာလိုချီစတန်ပြည်နယ်ကို သွားရောက် နေပြီး သူက ဒီဖြစ်စဉ်အတွက် အိန္ဒိယကို အပြစ်တင်ခဲ့ပေမယ့် သက်သေအထောက်အထားတော့ မရှိပါဘူး။ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ မိမိတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေကို မကြာခဏ ပစ်မှတ်ထားလေ့ရှိတဲ့ ဘာလို့ချ် (Baloch) ခွဲထွက်ရေးသမားတွေအပေါ်မှာတော့ သံသယ ရှိနေကြပါတယ်။