ပါကစ္စတန်နိုင်ငံ အချို့ဒေသတွေမှာ အပူချိန် ၄၈ ဒီဂရီအထက်အထိ မြင့်တက်ခဲ့ပြီး ဒေသခံတွေဟာ ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကို ခံခဲ့ကြရပါတယ်။ပါကစ္စတန်မိုးလေဝသဌာနရဲ့ သတိပေးချက်အရ နိုင်ငံတစ်ဝှမ်းက မြေပြန့်လွင်ပြင်အများစုမှာ လာမယ့်စနေနေ့အထိ ပြင်းထန်တဲ့အပူချိန် ဆက်ရှိနေမှာဖြစ်ပါတယ်။

အပူချိန်မြင့်တက်လာတာနဲ့အမျှ ပန်ဂျပ်ဒေသတစ်ဝှမ်းလုံးမှာ ရာနဲ့ချီတဲ့လူတွေ အပူလျှပ်တဲ့ ဝေဒနာကို ခံစားနေရတယ်လို့ ပါကစ္စတန်တူဒေးမီဒီယာက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ပါကစ္စတန် မိုးလေဝသဌာနကတော့ နေ့အချိန်မှာ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားပြီး ရေဓာတ်ပြည့်ဝအောင်နေဖို့ အကြံပြုထားပါတယ်။ အိန္ဒိယရဲ့ အချို့ဒေသတွေမှာလည်း အပူချိန်တွေ မြင့်တက်ခဲ့ပြီး မြောက်ပိုင်းနဲ့ အလယ်ပိုင်း ပြည်နယ်တွေမှာ အပူလှိုင်း ဖြစ်ပေါ်နိုင်တဲ့အတွက် ပြင်ဆင်ထားဖို့ အာဏာပိုင်တွေက အသိပေးချက် ထုတ်ပြန်ထားပါတယ်။

တောင်အာရှမှာဒေသမှာ ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့အပူလှိုင်း ဖြစ်ပေါ်မှုပုံစံဟာ အရှိန်မြင့်တက်နေပြီး အရင်က နှစ်တစ်ရာမှာ တစ်ကြိမ်သာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မျိုးဟာ အခု မကြာခဏ ဖြစ်ပွားလာနေတယ်လို့ ဟောင်ကောင်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ရဲ့ သဘာဝပတ်ဝန်းကျင် လေ့လာရေးဌာနက ဖွံ့ဖြိုးရေးအကြံပေးအရာရှိချုပ် ခရစ္စတင်းလိုက ပြောခဲ့ပါတယ်။