ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကတ်က ဘုရားကျောင်းတစ်ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၂ ယောက် သေဆုံးပြီး ၆၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒမတ်စကတ်က ဂရိသြသဒေါက်စ်ဘုရားကျောင်းမှာ မနေ့က ဇွန်လ ၂၂ ရက် ညနေပိုင်းက ဝတ်ပြုဆုတောင်းပွဲ တစ်ခု ပြုလုပ်နေတာဖြစ်ပြီး လူတစ်ယောက်က အင်္ကျီမှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ကာ ဘုရားကျောင်းထဲ ကို ဝင်ရောက်လာတာပါ။ ဝတ်ပြုနေသူတွေက ဗုံးဖောက်ခွဲမှု မလုပ်ခင်မှာ တားဆီးဖို့ လုပ်ပေမဲ့ အဲဒီဖောက်ခွဲရေး သမားက အသေခံ ဗုံးခွဲသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ဒီတိုက်ခိုက်မှုဟာ ဂျီဟတ်ဝါဒီအဖွဲ့ အစ္စလာမ္မစ်နိုင်ငံတော်(IS)နဲ့ ဆက်စပ်နေတယ်လို့ ဆီးရီးယား ပြည်ထဲရေး ဝန်ကြီးဌာနက ပြောထားပြီး IS ဘက်ကတော့ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာတာ မရှိသေးပါဘူး။

ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကအရ ဗုံးပေါက်ကွဲမှုကြောင့် ဘုရားကျောင်းထဲမှာ ထိခိုက်ပျက်စီးမှု အများအပြားကို တွေ့ရပြီး နံရံတွေမှာ သွေးတွေ ပေစွန်းနေတာကိုလည်း မြင်တွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက သမ္မတဟောင်းအာဆက်ကို အင်အားကြီးသူပုန်အဖွဲ့ဖြစ်တဲ့ HTS အဖွဲ့က ဖြုတ်ချပြီး နောက် ဒမတ်စကတ်မှာ ဒီလိုတိုက်ခိုက်မှု ပထမဆုံးအကြိမ် ဖြစ်လာတာပါ။ ဆီးရီးယားပြည်ထဲရေးဝန်ကြီးကတော့ ဒါဟာ စက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှုလို့ပြောပြီး ဒီဖြစ်စဉ်ကို အထူးစုံစမ်းရေးအဖွဲ့တွေနဲ့ စုံစမ်းစစ်ဆေးနေပြီလို့ ပြောပါတယ်။ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်နဲ့ အမေရိကန် အထူးသံတမန်တို့ကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြပါတယ်။