နျူကလီးယား အစီအစဥ်နဲ့ ပတ်သက်လို့ သဘောတူညီချက် မလုပ်ရင် ဗုံးကြဲ တိုက်ခိုက်မယ်ဆိုတဲ့ အမေရိကန် သမ္မတ ထရမ့်ရဲ့ခြိမ်းခြောက်ပြောဆိုမှုကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ)အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသင့်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာဂ်ချီက ပြောကြား လာတာကို The New York Times သတင်းမှာ ဖော်ပြထားပါတယ်။

အိုင်အေအီးအေ အကြီးအကဲ ရာဖယ် ဂရော့ ဆီနဲ့ ဧပြီလ ၂ ရက်က ဖုန်းဆက် ပြောချိန်မှာ နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာဂ်ချီက တောင်းဆိုလိုက်တာ လို့ အီရန် အစိုးရသတင်းတွေက ဖော်ပြပါတယ်။၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်သွားသူဟာ အီရန် မဟုတ်ဘဲ ဒေါ်နယ် ထရမ့်ရဲ့ အမေရိကန်အစိုးရပဲ ဖြစ်တယ်လို့ အာဘတ်စ် အာရာဂ်ချီက ပြောပါတယ်။ အီရန်အနေနဲ့ ဘယ်လို နျူကလီးယား လက်နက်ကိုမှ တီထွင်ဖန်တီး ရယူမှာ မဟုတ်ဘူးဆိုတာ အကြိမ်ကြိမ် ပြောဆိုထားသလို ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ သက်သေအထောက်အထားလည်း မရှိဘူးလို့ အာဘတ်စ် အာရာဂ်ချီ က ပြောပါတယ်။

ဘာအထောက်အထားမှ မရှိဘဲ အီရန်ရဲ့ အရပ်ဘက် နျူကလီးယား စက်ရုံတွေကို အင်အားသုံး တိုက်ခိုက်မယ် ပြောနေတဲ့အပေါ် အိုင်အေအီးအေ အနေနဲ့ ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်ကို ပြသရမယ်လို့လည်း နိုင်ငံခြား ရေးဝန်ကြီး အာဘတ်စ် အာရာဂ်ချီက ပြောကြားခဲ့တယ်လို့ အီရန် အစိုးရသတင်းတွေက ဖော်ပြပါတယ်။