ဆွီဒင် တက်ကြွလှုပ်ရှားသူ ဂရီတာ သန်းဘတ်ဂျ်ကို မနေ့က ဇွန်လ ၁၀ ရက် မနက်ပိုင်းမှာ တဲလ်အဗစ်မှာရှိတဲ့ လေဆိပ်ကနေတစ်ဆင့် နေရပ်ပြန်ပို့လိုက်ပြီလို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂရီတာ သန်းဘတ်ဂျ် အပါအဝင် နိုင်ငံတကာက တက်ကြွလှုပ်ရှားသူ ၁၂ ယောက်ပါဝင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရွက်လှေကို အစ္စရေးတပ်ဖွဲ့တွေက ဇွန်လ ၉ ရက်မှာ စီးနင်းဟန့်တားခဲ့ပြီးနောက် အဲဒီနေ့မှာပဲ အက်ရှ်ဒေါ့ဆိပ်ကမ်းမြို့ကို ခေါ်ဆောင်လာခဲ့တာပါ။

မနေ့က ဇွန်လ ၁၀ ရက် မနက်မှာတော့ တက်ကြွလှုပ်ရှားသူတွေကို တဲလ်အဗစ်မြို့ကို ခေါ်ဆောင်လာပြီး နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်ခဲ့ရာမှာ ဂရီတာ သန်းဘတ်ဂျ်နဲ့ နောက်ထပ် ၃ ယောက်က အစ္စရေးရဲ့ နေရပ်ပြန်ပို့ရေး စာရွက်စာတမ်းတွေကို လက်မှတ်ထိုးပေးခဲ့ကာ ထွက်ခွာလာတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ တက်ကြွလှုပ်ရှားသူ ၈ ယောက်ကတော့ စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ပြီး အစ္စရေးကနေ ထွက်ခွာဖို့ကို သဘော မတူတဲ့အတွက် တဲလ်အဗစ်မြို့မှာ ကျန်ရစ်ခဲ့ပါတယ်။ဂရီတာ သန်းဘတ်ဂျ်ဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကနေ ဆွီဒင်ကို ပြန်မှာဖြစ်ပြီး ပဲရစ်မြို့က လေဆိပ်ကို ရောက် ရှိချိန်မှာ အစ္စရေးစစ်တပ်က နိုင်ငံတကာရေပိုင်နက်ထဲမှာ သူနဲ့ တခြားတက်ကြွလှုပ်ရှားသူတွေကို တရာမဝင် ပြန်ပေးဆွဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂရီတာက အစ္စရေးမှာ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ မိတ်ဆွေ တက်ကြွ လှုပ်ရှားသူတွေအတွက် အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး သူ အစ္စရေးကနေ ထွက်မလာခင်မှာ သူတို့နဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။အစ္စရေးကနေ ဆန္ဒအလျောက် ပြန်ထွက်ခွာဖို့ သဘောမတူသူတွေကို အစ္စရေးဘက်က အတင်းအကျပ် နေရပ် ပြန်ပို့ဖို့ လုပ်လာနိုင်ခြေ ရှိနေပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရွက်လှေပေါ်မှာပါတဲ့ ဆေးဝါးနဲ့ ကလေးအစားအစာလို အကူအညီတွေကို လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းတွေကနေတစ်ဆင့် ဂါဇာကို လွှဲပြောင်းပေးမယ်လို့ ပြောဆိုထားပါတယ်။