အစ္စရေးဟာ မြို့တော် ဒမတ်စကပ်နဲ့ ဒါရာ ဒေသတွေအပါအဝင် ဆီးရီးယားတောင်ပိုင်းမှာရှိတဲ့ စစ်ရေးပစ်မှတ် တွေကို မနေ့က ဇွန်လ ၃ ရက်မှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ ဇွန်လ ၃ ရက် အစောပိုင်းမှာ အစ္စရေးသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ကို ဆီးရီးယားပိုင်နက်ထဲ ကနေ ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဆီးရီးယား သမ္မတဟောင်း အာဆက် ပြုတ်ကျပြီး နောက် ပထမဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီး နာရီပိုင်းအကြာမှာ အစ္စရေးက ဆီးရီးယား ဘက်ကို တိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့တာပါ။အစ္စရေးကာကွယ်ရေးဝန်ကြီးက အစ္စရေးကို တိုက်ခိုက်မှုတွေအတွက် ဆီးရီးယား ယာယီသမ္မတ အာမက် အယ်ရှား ယားမှာ တာဝန်ရှိတယ်လို့ ပြောထားပြီး ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီဒုံးကျည်နှစ်စင်း ပစ်လွှတ် မှုမှာ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။အစ္စရေးလေတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆီးရီးယားတောင်ပိုင်း ဒါရာနဲ့ အခြားမြို့အချို့မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။

ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ ဒီလုပ်ဆောင်ချက်ဟာ ဆီးရီးယားရဲ့ အချုပ်အခြာ အာဏာကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်တာဖြစ်ပြီး ဒေသတွင်း တင်းမာမှုတွေကို ပိုဆိုးရွားစေတယ်လို့ ပြောပါတယ်။အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူသေဆုံး ဒဏ်ရရမှု ရှိ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ပြီးခဲ့တဲ့လကလည်း အစ္စရေးက ဒမက်စကတ်မှာရှိတဲ့ ဆီးရီးယားသမ္မတအိမ်တော် အနီးကို ဗုံးကြဲခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီ ဗုံးကြဲမှုဟာ ဆီးရီးယားရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက် တာလို့ ပြောခဲ့ပါတယ်။