ဂါဇာနယ်စပ်ကို လူသားချင်းစာနာမှု အကူအညီတွေပါတဲ့ ကုန်ကားတွေ ဖြတ်ကျော်လာပြီး ဖြစ်ပေမဲ့ ဒီထောက်ပံ့ ရေးပစ္စည်းတွေကို အခုချိန်ထိ ဖြန့်ဝေနိုင်တာ မရှိသေးဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။ဂျုံမှုန့်၊ ကလေးအစားအစာ၊ ဆေးဘက်ဆိုင်ရာသုံးပစ္စည်းတွေနဲ့ ဆေးဝါးတွေ အပါအဝင် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ထရပ်ကား ၉၃ စီးဟာ မေလ ၂၀ ရက်က ဂါဇာကို ဝင်ရောက်ခဲ့တယ်လို့ အစ္စရေးတာဝန်ရှိသူ တွေက ပြောပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂကတော့ ခီရမ် ရှလွမ်း (Kerem Shalom) နယ်စပ်ကို ဖြတ်ကျော်လာတဲ့ ကုန်ကားတွေ ပါလက်စတိုင်းဘက်ခြမ်းကို ရောက်ရှိလာပေမယ့် ဂါဇာဒေသခံတွေဆီကိုတော့ အကူအညီတွေ မပေးရသေးဘူးလို့ ပြောခဲ့တာပါ။ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန်း ဒူဂျာရစ်က ကုလအဖွဲ့တစ်ခုဟာ ပါလက်စတိုင်းဒေသခံတွေ ရှိနေတဲ့ ဧရိယာထဲကို ဝင်ရောက်ဖို့နဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ကုလရဲ့ ဂိုဒေါင်တွေထဲ သယ်ယူဖို့ အစ္စရေးအာဏာပိုင် တွေဆီက ခွင့်ပြုချက်တောင်းခဲ့ပေမယ့် နာရီပေါင်းများစွာ ကြာတဲ့အထိ အစ္စရေးဘက်က ခွင့်မပြုခဲ့ဘူးလို့ ပြောပါတယ်။အစ္စရေးဟာ ဂါဇာကမ်းမြောင်ထဲ ထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်ခွင့်ကို ၁၁ ပတ်ကြာ ပိတ်ဆို့ထားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၈ ရက်မှာတော့ အခြေခံရိက္ခာပမာဏကို ဝင်ရောက်ခွင့်ပြုဖို့ သဘောတူခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်သူတွေက ဂါဇာမှာ အငတ်ဘေးကျရောက်နိုင်တယ်လို့ အကြိမ်ကြိမ် သတိပေးထားပြီး အစ္စရေးအပေါ် နိုင်ငံတကာဖိအားတွေလည်း တိုးလာနေပါတယ်။ဂါဇာကမ်းမြောင်ရဲ့ ကာလကြာရှည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့ဆိုရင် တစ်ရက်ကို ထရပ်ကား အစီးရေ ၆၀၀ လောက် ဝင်ရောက်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ တွေက ခန့်မှန်းထားပါတယ်။ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာ(Tom Fletcher)က ဂါဇာကို ချက်ချင်း အကူအညီမပေးနိုင်ရင် နောက် ၄၈ နာရီအတွင်း ကလေးငယ် ၁၄,၀၀၀ လောက် သေဆုံးနိုင်တယ်လို့ ပြောထားပါတယ်။