အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဟာ အခု မေလ ကုန် ကစလို့ ဂါဇာကမ်းမြောင်မှာ လုပ်ငန်းတွေ စတင်တော့မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်း(GHF)ဆိုတဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ ဒီအဖွဲ့ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ထောက်ခံမှုနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့တွေ မပါဝင်တဲ့ အတွက် ဝေဖန်မှုတွေ ခံနေရတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အစ္စရေးက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေအစား ပုဂ္ဂလိကကုမ္ပဏီတွေ ပါဝင်တဲ့ အဖွဲ့နဲ့ ဂါဇာကမ်းမြောင်ကို အကန့်အသတ်နဲ့ ကူညီထောက်ပံ့မှုတွေပေးဖို့ ဆောင်ရွက်နေတာပါ။ဒီဖောင်ဒေးရှင်းမှာ အမေရိကန် လုံခြုံရေးကုမ္ပဏီ UG Solutions နဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အစီအစဥ် လုပ်ဆောင်တဲ့ US အခြေစိုက် Safe Reach Solutions တို့ ပါဝင်မယ်လို့ သိရပါတယ်။ GHF ကဆောင်ရွက်မယ့် လုပ်ငန်းတွေဟာ လူသားဆန်မှု၊ ဘက်မလိုက်မှု၊ လွတ်လပ်မှုတို့လို လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေကို လိုက်နာပါ့မလားဆိုတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ဒီအတွက် ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေရဲ့ အထောက်အပံ့တွေကိုပဲ ပြန်ဝင်ခွင့်ပြုဖို့ အစ္စရေးကို တောင်းဆို ထားပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီကလည်း ဂါဇာမှာရှိတဲ့ အရပ်သားတွေရဲ့ လိုအပ်ချက်က ကြီးမားနေပြီး အကူအညီတွေကို အထစ်အငေါ့မရှိ ချက်ချင်း ဝင်ခွင့်ပြုဖို့ လိုအပ်ပါတယ်လို့ ICRC ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကစလို့ ဂါဇာကမ်းမြောင်ထဲကို လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်တာကို အစ္စရေးက ပိတ်ပင်ထားတာဖြစ်ပြီး လူဦးရေ ၅ သိန်းလောက်ဟာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှုစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။လူသားချင်းစာနာမှု အထောက်အပံ့တွေကို ဟားမတ်စ်အဖွဲ့က ခိုးယူနေတယ်လို့ အစ္စရေးက စွပ်စွဲထားပြီး ကျန်ရှိတဲ့ ဓားစာခံအားလုံးကို မလွှတ်ပေးမချင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပိတ်ပင်ထားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။