အစ္စရေးစစ်တပ်ဟာ ဂါဇာအလယ်ပိုင်းရှိ Deir al-Balah ကို ဇူလိုင်လ ၂၂ ရက်နေ့က မြေပြင်ထိုးစစ်အသစ် စတင်ခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။အစ္စရေး ထိုးစစ်ကြောင့် ဂါဇာအလယ်ပိုင်းရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တည်ဆောက်ထားတဲ့ ဂိုဒေါင်ရုံ တွေတိုက်ခိုက်ခံခဲ့ရပြီး ၉၀ % နီးပါးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အခုအခါ ဂါဇာအလယ်ပိုင်းရှိ Deir al-Balah ကို ထိုးစစ်ဆင်မှုတွေ ဆက်လက်အရှိန်မြှင့်တော့မှာဖြစ်တာကြောင့် ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ အမိန့်ပေးထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန အဆိုအရ ပြီးခဲ့တဲ့ မေလကစတင်ပြီး အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်သားပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းသူတွေက ဟားမတ်စ်ထံ နောက်ဆုံးအပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေလွှတ်ပေးရေး အဆိုပြုချက်ကို တင်သွင်းပြီး တစ်ပတ်နီးပါးအကြာမှာ အစ္စရေးဘက်က ထိုးစစ်ဆင်မှုတွေ အရှိန်မြှင့်လာတာဖြစ်ပါတယ်။