အခုသီတင်းပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂါဇာမှာ လူသားချင်းစာနာမှုအကူအညီတွေ စတင်ဖြန့်ဝေနိုင်ပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ပြီးခဲ့တဲ့ မေလ ၂၁ ရက်ညပိုင်းမှာ ကုလသမဂ္ဂအဖွဲ့တွေက ထရပ်ကား ၉၀ မှာ ပါဝင်လာတဲ့ လူသားချင်းနာမှုအကူအညီတွေကို စုဆောင်းနိုင်ခဲ့ပြီး ဒီအကူအညီတွေကို ကုလရဲ့ ဂိုထောင်တွေကတစ်ဆင့် လိုအပ်တဲ့နေရာတွေကို စတင်ဖြန့်ဝေနေတာပါ။

ဒီအကူအညီတွေထဲမှာ ဂျုံမှုန့်၊ ကလေးတွေအတွက် အစားအစာတွေနဲ့ ဆေးဘက်ဆိုင်ရာသုံးပစ္စည်းတွေ ပါဝင်ပြီး ဒါတွေကို စတင်ဖြန့်ဝေနေပြီလို့ သိရပါတယ်။မနေ့က မေလ ၂၂ ရက်မှာလည်း အစ္စရေးအာဏာပိုင်တွေက နောက်ထပ်ကုန်တင်ယာဉ်အစီးရေ ၁၀၀ ကို ထပ်ဝင်ရောက်ခွင့် ပြုခဲ့ပေမယ့် ကုလသမဂ္ဂဘက်ကတော့ ဂါဇာရဲ့ ကြီးမားတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မလုံလောက်သေးဘူးလို့ ပြောပါတယ်။စစ်ပွဲ စတင်မီက ဂါဇာကမ်းမြှောင်ကို တစ်ရက်ပျမ်းမျှ ကုန်တင်ကားအစီးရေ ၅၀၀ လောက် ဝင်ရောက်တာပါ။အစ္စရေးဟာ ဂါဇာကမ်းမြှောင်ထဲ ထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်ခွင့်ကို ၁၁ ပတ်ကြာ ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၈ ရက်မှာတော့ အခြေခံရိက္ခာပမာဏကို ဝင်ရောက်ခွင့်ပြုဖို့ သဘောတူခဲ့ပါတယ်။

ဒါပေမယ့် လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်လာချိန်မှာလည်း အစ္စရေးစစ်တပ်ရဲ့ ခွင့်ပြုချက်မရတာကြောင့် ကုလသမဂ္ဂအဖွဲ့တွေဟာ ပါလက်စတိုင်းတွေဆီကို ရိက္ခာတွေ ဖြန့်ဝေခွင့်မရခဲ့ပါဘူး။စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဂါဇာမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အို ၂၉ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာဖူလုံရေး အဆင့် အမျိုးအစားခွဲခြားခြင်း (IPC) အကဲဖြတ်ချက်အရ လာမယ့်လတွေအတွင်း ဂါဇာမှာ လူပေါင်း သန်းတစ်ဝက်ခန့် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။