ဂါဇာမြောက်ပိုင်းက နောက်ဆုံးကျန်ရှိနေတဲ့ ဆေးရုံနှစ်ရုံကို အစ္စရေးတပ်ဖွဲ့တွေက ဝိုင်းရံထားပြီး အဆောက်အအုံ တွေထဲကို လူအဝင်အထွက် ပိတ်ပင်ထားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ဂါဇာမြောက်ပိုင်း ဘေ့တ်လဟီယာနဲ့ ဂျဘလီယာမြို့တွေမှာရှိတဲ့ ကမယ်လ်အက်ဒ်ဝမ်နဲ့ အယ်လ်အာဒါ ဆေးရုံတွေ ကို အစ္စရေးတပ်ဖွဲ့တွေက ဝန်းရံပိတ်ဆို့ထားတာဖြစ်ပြီး ဆေးရုံဝန်ထမ်းတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေလည်း ဝင်ရောက်ခွင့် မရဘူးလို့ သိရပါတယ်။

ဒီအခြေအနေကြောင့် ဂါဇာက ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေဟာ ဆိုးရွားတယ်ဆိုတဲ့ အခြေအနေကိုပါ ကျော်လွန်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အကြီးအကဲက ပြောခဲ့ပါတယ်။ ဆေးရုံနဲ့ အနီးဝန်းကျင်မှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ အယ်လ်အာဒါ ဆေးရုံက ဒေါက်တာ မိုဟာမက် ဆယ်လ်ဟာက ပြောပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)က မေလ ၂၀ ရက်မှာ ဘေ့တ်လဟီယာနဲ့ ဂျဘလီယာမြို့တွေမှာ နေထိုင်သူ တွေကို နေရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြီးနောက် ဒီမြို့တွေမှာ ရှိနေတဲ့ ဆေးရုံတွေကိုပါ ထိန်းချုပ်လာတာပါ။

အစ္စရေးရဲ့ မြေပြင်စစ်ဆင်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဂါဇာ တစ်ဝန်းမှာ အနည်းဆုံး ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၂၀ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေက ဂါဇာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဖျက်ဆီးနေတာ ရပ်တန့်ဖို့ အစ္စရေးကို တိုက်တွန်းထားပေမယ့် အစ္စရေးကတော့ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာပါ။ အစ္စရေးဟာ ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်းတွေကို ဂါဇာတောင်ပိုင်းဆီ အတင်းအကျပ် နေရာရွှေ့ပြောင်းဖို့ ကြိုးစားနေတာဖြစ်ပြီး ဂါဇာ မြောက်ပိုင်းကို လုံးဝရှင်းလင်းဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။