အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားအကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားလာတာကို CNN သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသ စုစုပေါင်းပထဝီဝင်ဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်နေ ပြီဆိုတာ ဖော်ပြနေပါတယ်လို့ ဂါဇာအစိုးရမီဒီယာရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဂါဇာမြို့တော်က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်း အဆောင်တစ်ခုကို အစ္စရေးတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်လို့ ကလေးငယ်တွေ အပါအဝင် ပါလက်စတိုင်း ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက မေလ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။စပိန်နိုင်ငံရဲ့ မြို့တော် မက်ဒရစ်မှာ ဥရောပနဲ့ အာရပ်ဒေသတွေက နိုင်ငံပေါင်း ၂၀ ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ စည်းဝေးခဲ့ပြီး စပိန်နိုင်ငံက အစ္စရေးနိုင်ငံအပေါ် ပိတ်ဆို့အရေးယူရေး ထည့်သွင်းစဉ်းစားဖို့ ကမ္ဘာကို တိုက်တွန်း ထားပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုး ၅၃,၉၃၉ ယောက်ထက်မနည်း သေဆုံးပြီး ၁၂၂,၇၉၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းရေး၊ လူမျိုးရေး သုတ်သင်မှု၊ စနစ်တကျ လူမျိုးတုံးသတ်ဖြတ်မှု၊ ကိုလိုနီစနစ်နဲ့ အင်အားသုံး အခြေချနေထိုင်တဲ့ အစ္စရေးရဲ့ အစီအစဉ်တွေကို အပြင်းအထန် ရှုတ်ချတယ်လို့လည်း ဂါဇာမီဒီယာရုံးက ထုတ်ပြန်ထားပါတယ်။