ဂါဇာကမ်းမြောင် တောင်ပိုင်း ခန်းယူနစ် နဲ့ ရာဖာမြို့တွေမှာရှိတဲ့ ထောက်ပံ့ရေး ပစ္စည်းဖြန့်ဖြူးရေး စင်တာနှစ်ခုအနီးမှာ အစ္စရေး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး ၃၂ ယောက် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေး အာဏာပိုင် တွေက ပြောပါတယ်။

မနေ့က ဇူလိုင် ၁၉ ရက် မနက်အစောပိုင်းမှာ ဂါဇာလူ သားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) ရဲ့ စင်တာတွေအနီးမှာ အစားအစာရရှိဖို့ စောင့်ဆိုင်းနေတဲ့ ပါလက်စတိုင်းတွေကို အစ္စရေး စစ်တပ်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ နောက်ထပ် လူ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပေမယ့် GHF ကတော့ မိမိတို့ စင်တာမှာရော၊ စင်တာ အနီးအနားမှာပါ ဘာပစ်ခတ်မှုမှ ဖြစ်ပွားခြင်း မရှိဘူးလို့ ဆိုပါတယ်။မျက်မြင်သက်သေတွေကတော့ အစ္စရေး စစ်တပ်ဟာ ပါလက်စတိုင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး မပစ်ခတ်ခင်မှာ သတိပေးတာမျိုးတွေလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ဂါဇာတောင်ပိုင်းက နက်ဆာဆေးရုံကို ခေါ်ဆောင်သွားခဲ့ပြီး ဆေးရုံဘက်ကလည်း မနေ့က မနက်အစောပိုင်းမှာ အခုလို လူသေဆုံးမှုတွေ ဖြစ်ခဲ့တယ်လို့ အတည်ပြုပါတယ်။အမေရိကန် နဲ့ အစ္စရေးတို့ ကျောထောက်နောက်ခံပေးထားတဲ့ GHF ရဲ့ လုပ်ငန်းစဉ်တွေ စတင်စဉ်ကတည်းက GHF ရဲ့ ကူညီထောက်ပံ့ရေးစင်တာတွေအနီးမှာ ပါလက်စတိုင်းတွေ သတ်ဖြတ်ခံရမှု နေ့စဉ်နီးပါး ဖြစ်ပေါ်နေပါတယ်။GHF ဘက်ကတော့ ဒီလူသေဆုံးမှုတွေကို ငြင်းဆိုထားပြီး ကုလသမဂ္ဂ နဲ့ ဂါဇာကျန်းမာရေး အာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ် ၆ ပတ်အတွင်း အကူအညီပေးရေး စင်တာတွေအနီးမှာ ပါလက်စတိုင်း ၈၀၀ ကျော်လောက် သတ်ဖြတ် ခံရ တယ်လို့ ပြောထားပါတယ်။