နယူးယောက်အခြေစိုက် ဂျာနယ်လစ်ကာကွယ်ရေးကော်မတီရဲ့ ပြောကြားချက်အရ ဂါဇာမှာ စစ်ပွဲစတင်ချိန်ကနေ လက်ရှိအချိန်အတွင်း ပါလက်စတိုင်း ဂျာနယ်လစ် ၁၈၄ ယောက် အသက်ဆုံးရှုံးခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြ ထားပါတယ်။ အသက်ဆုံးရှုံးခဲ့တဲ့ ဂျာနယ်လစ်တွေထဲမှာ အမျိုးသား၊ အမျိုးသမီးတွေ၊ အတွေ့အကြုံရင့် ဂျာနယ် လစ်တွေနဲ့ ပထမဆုံးတာဝန်စထမ်းဆောင်တဲ့ လူသစ်တန်းဂျာနယ်လစ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အိမ်မှာ မိသားစုနဲ့အတူ အသက်ဆုံးရှုံးခဲ့တဲ့ဂျာနယ်လစ်တွေရှိသလို တချို့ကတော့ “PRESS”လို့ အမှတ်အသား ပြုထားတဲ့ကားတွေထဲမှာ သေဆုံးခဲ့ကြပါတယ်။ ဒါ့အပြင် ဆေးရုံနားက ရွက်ဖျင်တဲတွေမှာ ဒါမှမဟုတ် အကြမ်း ဖက်မှုတွေကို လိုက်လံသတင်းယူရင်းနဲ့လည်း အသက်ဆုံးရှုံးခဲ့ကြရတာပါ။ ကွယ်လွန်ခဲ့တဲ့ ဂျာနယ်လစ်တွေဟာ သူတို့တင်ဆက်ခဲ့တဲ့သတင်းတွေထဲကလိုပဲ ငတ်မွတ်ဆာလောင်မှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ခံစားခဲ့ကြရပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ အသက် ၂၇ နှစ်အရွယ် Al Quds တက္ကသိုလ်ကျောင်းဆင်း Ayat Khadoura လည်း ပါဝင် ပါတယ်။ Ayat ဟာ ဂါဇာစစ်ပွဲအစပိုင်းမှာ မိသားစုတွေ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို မီးမောင်းထိုး တင်ပြခဲ့ ပါတယ်။ သူဟာ သူနေထိုင်ရာ ဂါဇာမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရိုက်ကူးတင်ဆက်မှု တွေ လုပ်ခဲ့တာကြောင့် လူသိများပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဗွီဒီယိုတစ်ခုထဲမှာ အစ္စရေးတပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက် မှုမလုပ်ခင် အချိန်အနည်းငယ်အလိုမှာ ဒေသခံတွေကို နေအိမ်တွေကနေ စွန့်ခွာဖို့ အတင်းအကျပ် အမိန့်ပေးခဲ့ တာကို တွေ့ရပါတယ်။ Ayat ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကွယ်လွန်ခဲ့တာပါ။

ဂါဇာ အယ်ဂျာဇီယာဗြူရိုအကြီးအကဲရဲ့ သားဖြစ်သူ Hamza Dahdouh ဟာ ဂါဇာတောင်ပိုင်းက ဗုံးကြဲတိုက်ခိုက်မှု အကြောင်း သတင်းယူပြီး ပြန်အလာမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်။ ဓာတ်ပုံသတင်း ဂျာနယ်လစ် Fatima Hassouna ဟာလည်း ဂါဇာစစ်ပွဲအတွင်းက နေ့စဉ်ဘဝကို မှတ်တမ်းတင် ရိုက်ကူးဖို့ ကြိုးစားရင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ကွယ်လွန်ခဲ့တဲ့ ဂျာနယ်လစ်တွေဟာ ဟားမတ်စ်၊ အစ္စလာမ္မစ်ဂျီဟက်အပါအဝင် စစ်သွေးကြွအဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုရှိခဲ့တယ်လို့ အစ္စရေးဘက်က စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဂျာနယ်လစ်တွေရဲ့ မိခင်သတင်းဌာန ကတော့ အစ္စရေးဘက်က စွပ်စွဲချက်တွေက အခြေအမြစ်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။