နျူကလီးယားသဘောတူညီချက်အသစ်အတွက် အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်ရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဝေဖန်ခဲ့ပြီး အီရန်အနေနဲ့ ယူရေနီယံ သန့်စင်တာကို ရပ်တန့်မှာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့က ဇူလိုင် ၄ ရက်မှာ အီရန်ခေါင်းဆောင် ခါမေနီက အမေရိကန်ရဲ့ အဆိုပြုချက်ကို လူသိရှင်ကြား ပယ်ချခဲ့ တာဖြစ်ပြီး ဒီအဆိုပြုချက်က အီရန်ရဲ့ အကျိုးစီးပွားကို ၁၀၀ ရာခိုင်နှုန်း ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။ဒါ့အပြင် အမေရိကန်ခေါင်းဆောင်တွေက ဘဝင်မြင့်နေပြီး ဒီအဆိုပြုချက်ဟာ အီရန်ရဲ့ အချုပ်အခြာအာဏာကို ပျက်ပြားစေတယ်လို့လည်း အလေးပေး ပြောကြားခဲ့ပါတယ်။ထရမ့်ကတော့ နျူကလီးယားသဘောတူညီချက် စေ့စပ်ညှိနှိုင်းမှု မအောင်မြင်ရင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးအရ အရေးယူတာတွေ ခံရနိုင်တယ်လို့ အီရန်ကို သတိပေးထားပြီး ပြီးခဲ့တဲ့ မတ်လ အစောပိုင်းက ပေးပို့ခဲ့တဲ့စာမှာ အီရန်ကို အချိန်နှစ်လ ပေးထားတယ်လို့ ဖော်ပြထားပါတယ်။

အီရန်က အမေရိကန်ရဲ့ လက်ရှိ အဆိုပြုချက်ကို ပယ်ချထားပေမယ့် တခြားသဘောတူညီချက်တွေတော့ ဖြစ်လာ နိုင်ချေ ရှိနေသေးပြီး အီရန်အနေနဲ့လည်း အမေရိကန်နဲ့ နျူကလီးယားအရေး ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ရှိနေ ပါတယ်။ လက်ရှိ အီရန်နျူကလီးယား သဘောတူညီချက်နဲ့ ပတ်သက်လို့ ဒေသတွင်းတင်းမာမှုတွေ တိုးလာနေပြီး စစ်ရေးပဋိပက္ခဖြစ်နိုင်ချေ အလားအလာလည်း ရှိနေတဲ့အတွက် နိုင်ငံတကာက သတိထား စောင့်ကြည့်နေကြ ပါတယ်။