ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အပြုသဘောဆောင်တဲ့ အဆိုပြုချက် ကိုဟားမတ်စ် တင်သွင်းခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။အပြုသဘောဆောင်တဲ့ အဆိုပြုချက် တင်သွင်းခဲ့တယ်လို့ ဟားမတ်စ် က ဇူလိုင်လ ၄ ရက်က ကြေညာခဲ့ပြီး လပေါင်းများစွာ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် ပဋိပက္ခကို ရပ်တန့်ဖို့ လမ်းကြောင်းဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဟားမတ်စ်က “ဖျန်ဖြေသူတွေထံ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတစ်ရပ်ကို တင်ပြခဲ့ပြီး၊ အဲဒိလှုပ်ရှားမှုက စေ့စပ်ညှိနှိုင်းမှုအပိုင်းကို ချက်ချင်းဝင်ရောက်ဖို့ အပြည့်အဝ ပြင်ဆင်ထားတယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အမေရိကန်ကျောထောက်နောက်ခံပြုတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မှာ ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့ အာခံခံချက်တွေကိုလည်း တောင်းခံထားတယ်လို့ ဟားမတ်စ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် နောက်ဆုံးအဆိုပြုချက်ကို ဟားမတ်စ်တို့ သဘောတူခြင်းရှိ၊ မရှိ ၂၄ နာရီအတွင်း သိရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က ဖိအားပေးပြောဆိုနေတာတွေလည်းရှိနေတာဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာ ကြာမြင့်နေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေကြားမှာ ၂၀၂၃ ခုနှစ်မှာ ဟားမတ်စ်က အစ္စရေးကို စတင်တိုက်ခိုက်မှုနဲ့အတူ ဂါဇာစစ်ပွဲ စတင်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုအတွင်း လူ ၁၂၀၀ သေဆုံးခဲ့ပြီး ဓါးစာခံ ၂၅၀ ကို ဟားမတ်စ်တို့က ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ ဂါဇာမှာတော့ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် လူ ၅၆၀၀၀ ကျော်သေဆုံးခဲ့ပြီး လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။